မန်စီးတီးအသင်းနည်းပြ ချယ်လ်ဆီးအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အကြောက်အလန့်မရှိ ကစားကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။
မန်စီးတီးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပြီး ယနေ့ညတွင် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။
ဂွါဒီယိုလာက အဆိုပါပွဲစဉ်အတွက် အသင်းကစားသမားများအနေဖြင့် စိုးရိမ်ပူပန်ပြီး ကြောက်နေမည်ကို နားလည်ကြောင်းနှင့် ပုံမှန်အတိုင်းကစားရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက “ကျွန်တော်တို့ ဘယ်လိုကစားရမယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ပြီးတော့ အသင်းကစားသမားတွေကို ဘာပြောရမယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် စိုးရိမ်နေတဲ့၊ ကြောက်နေတဲ့ ကစားသမားတွေကို ပုံမှန်အတိုင်းပဲ ကစားဖို့ ကျွန်တော် ပြောမှာပါ။ သူတို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက ချယ်လ်ဆီးအသင်းနှင့်ပွဲအတွက် ပွဲထွက်စာရင်း ရွေးချယ်ရာတွင် အခက်တွေ့ရသော်လည်း မိမိအနေဖြင့် အကောင်းဆုံးလူစာရင်းကို ပွဲထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။