ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြ ဇီဒန်း၏နေရာတွင် ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် အယ်လီဂရီနှင့် အစားထိုးမည်ဖြစ်ကြောင်း စပိန်ရေဒီယို COPE ၏ ရုပ်သံအစီအစဉ်တစ်ခုတွင် သတင်းဖော်ပြခဲ့သည်။
ယင်းအစီအစဉ်တွင် ထုတ်လွှင့်ချက်အရ ဇီဒန်းသည် ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာပြီး လာမည့်အပတ်တွင် တရားဝင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဇီဒန်းသည် ရီးယဲလ်အသင်းနှင့် လာမည့်ရာသီအထိ စာချုပ်ချုပ်ဆိုထားသော်လည်း ယခုနွေရာသီတွင် လမ်းခွဲတော့မည်ဟု သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။
ယခုအခါ ရီးယဲလ်အသင်းအနေဖြင့် ဖလားလက်မဲ့ရာသီနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အပြောင်းအလဲဖြစ်လာရန် ပိုမို သေချာနေပြီဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ဇီဒန်းသည် ရီးယဲလ်အသင်းနှင့် လမ်းခွဲပြီး ဂျူဗင်တပ်စ်(သို့မဟုတ်) ပြင်သစ်လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။