အက်စတွန်ဗီလာ ၂-၁ ချယ်လ်ဆီး
ချယ်လ်ဆီးက စပါးရဲ့အကူအညီနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့တယ်။ စပါးသာ မကူညီခဲ့ရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဗိုလ်လုပွဲဆိုတဲ့ ဖိအားအပြင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆိုတဲ့ ဖိအားပါတိုးမှာဖြစ်ပြီး အခုအနေအထားကတော့ သက်သောင့်သက်သာ ဖြစ်သွားခဲ့ပါပြီ။ ဂျော်ဂျင်ဟိုက အသင်းအတွက် တော်တော် အန္တရာယ်ကြီးတဲ့ကစားသမားဆိုတာကို ထပ်မံသက်သေပြခဲ့တယ်။
ချယ်လ်ဆီးအသင်းကို တူဟယ်လ် စတင်ကိုင်တွယ်ချိန်ကတည်းက အညံ့ဆုံးဖြစ်ခဲ့တဲ့ ပွဲ (၃) ပွဲဖြစ်တဲ့ အာဆင်နယ်၊ ဝက်စ်ဘရွန်းနဲ့ ဒီပွဲတွေမှာ ဂျော်ဂျင်ဟိုက အမြဲတမ်းပါဝင်ခဲ့ပြီး အဲ့ဒီပွဲတွေမှာ သူက Horror Show တွေ ပြသခဲ့တာလည်း တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ပြောရမယ်။ အသင်းကို အကျိုးပြုတဲ့ပွဲတွေလည်း ရှိပေမဲ့ အမှားအကြီးကြီးတွေ ကျူးလွန်ဖို့လွယ် တယ်။ စိတ်ချရတဲ့ ကစားသမားမဟုတ်တဲ့သူတစ်ဦးကို တူဟယ်လ် ဘယ်လောက်အထိ နေရာဆက်ပေးချင်သလဲဆိုတာ အရေးကြီးပြီး၊ ချယ်လ်ဆီးပရိသတ် တော်တော်များများ ကတော့ လာမယ့်ရာသီမှာ အမြန်ဆုံးရောင်းချစေချင်တဲ့ ကစားသမားဖြစ်လိမ့်မယ်လို့ ထင်တယ်။ ချယ်လ်ဆီးရဲ့ နောက်ထပ်ပြဿနာက Leadership မရှိခြင်းဖြစ်ပြီး၊ အရေးအကြောင်း ကြုံလာချိန်တွေမှာ အသင်းကို ခြေစွမ်းအရရော၊ သြဇာအရပါ လွှမ်းမိုးနို်င်စွမ်းရှိသူ ပျောက်ဆုံးနေတယ်။ အက်ဇ်ပီလီကွယ်တာက ခြေစွမ်းသာမန်သာရှိပေမဲ့ အလုပ်ကြိုးစားမှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အတွက် အမြဲတမ်းအသိအမှတ်ပြုရမယ့်သူဖြစ်တယ်။ ဒါပေမဲ့ သူက ခံစားချက်များလွန်းပြီး ခေါင်းဆောင်စရိုက်ရှိသူ မဟုတ်ဘူး။
မေဆန်မောင့်၊ ရီးစ်ဂျိမ်းစ်တို့ကို ယုံယုံကြည်ကြည် နေရာပေးပြီး ဂျွန်တယ်ရီ၊ လမ်းပတ်အသစ်တွေ ထပ်ဖြစ်လာအောင် ကြိုးစားကြည့်တာက ပိုကောင်းမယ်ထင်တယ်။ တကယ်ဆို ဗီလာကို ရှုံးခဲ့ခြင်းမှာ တိုက်စစ်ပိုင်းရဲ့အားနည်းမှုတွေကြောင့်လည်းပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ထိပ်ဆုံး (၇)သင်းထဲမှာ ဂိုးအနည်းဆုံးရခဲ့တဲ့ အသင်းဖြစ်တာ အံ့သြစရာမရှိလောက်အောင် ချယ်လ်ဆီးတိုက်စစ်ကစားသမားတွေရဲ့ Mental က အားနည်းလွန်းခဲ့တယ်။ ဗီလာအသင်းအတွက် ဂိုးတွေကို ပွဲချိန် (၄၃) မိနစ်မှာ ထရာအိုရေးနဲ့ (၅၂) မိနစ်မှာ အယ်လ်ဂါဇီ (ပယ်နယ်တီ) တို့က သွင်းခဲ့ကြပြီး ချယ်လ်ဆီးအတွက်တစ်ဂိုးကိုတော့ မိနစ် (၇၀)မှာ ချီဝဲလ်က သွင်းခဲ့ပါတယ်။