spot_img

(၄)ပွဲဆက် Clean Sheet ရလဒ်နဲ့ ဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့ စပါး

စပါး ၂-၀ အာဆင်နယ်

စပါးအတွက် Great Performance မဟုတ်ပေမဲ့ Great Result လို့ ပြောရမှာဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို (၄)ဂိုးသွင်း၊ ပေးဂိုးမရှိ၊ (၇)မှတ်ယူနိုင်ခဲ့ခြင်းကလည်း Great Form ဖြစ်ပြီး ချန်ပီယံလောင်းအသင်းတစ်သင်းရဲ့ ဖြတ်သန်းမှုမျိုးလို့ ပြောရမယ်။ အာဆင်နယ်ရဲ့အပေါ်ယံဆန်တဲ့ ထိုးဖောက်မှုတွေကို စပါးက လွယ်လွယ်ကူကူပဲ ရှင်းလင်းနိုင်ခဲ့ပြီး ထိရောက်မှုပြင်းထန်တဲ့ တန်ပြန်တိုက်စစ်လမ်းကြောင်း တွေကနေ ဂိုးတွေသွင်းယူသွားခဲ့ခြင်းက မော်ရင်ဟိုရဲ့ Master Piece လို့လည်း ပြောရမှာ ဖြစ်တယ်။ ဒုတိယပိုင်းကစားပုံကြောင့် ဒီနိုင်ပွဲကို Ugly Win လို့ ပြောရင်တောင် (၂-၀)ဆိုတဲ့ ရလဒ်ကြောင့် ဒီလိုကစားခြင်းက အပြစ်တင်စရာမရှိဘူး။ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ရအောင်ကစားနိုင်ခြင်းအတွက် မော်ရင်ဟိုက ဘာမဆိုလုပ်မယ့်သူဆိုတာကိုလည်း အားလုံးသိပြီးသားဖြစ်လို့ ထူးဆန်းမနေဘူး။

myan789

လက်တွေ့ဆန်ပြီး၊ ရမှတ်ကို ဖြစ်နိုင်သလောက် စုဆောင်းဖို့လောက်သာ ၀ါသနာထုံတဲ့ နည်းပြတစ်ဦးဟာ ဂိုးရသင့်တဲ့အချိန်မှာ ရအောင်ညွှန်ကြား၊ ဂိုးမပေးဖို့လိုတဲ့အချိန်မှာ ဂိုးမပေးရအောင် သူ့အသင်းကို ညွှန်ကြားနိုင်ခဲ့တယ်။ ဒီညွှန်ကြားချက်အောက်မှာ ကိန်း-ဆွန် တိုက်စစ်အတွဲတောင် ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထိပ်အထိ ရောက်နေတာလည်းတွေ့ရတယ်။ အခြားတစ်ဖက်မှာ စပါးဂိုးသမား ဟူဂိုလိုရစ်ဟာ ခက်ခက်ခဲခဲ ကာကွယ်မှုမရှိသလောက်ဖြစ်ခဲ့တာလည်း တွေ့ရတယ်။ မော်ရင်ဟိုရဲ့ ဒီရာသီအားဖြည့်မှုတွေထဲမှာ ရယ်ဂီလွန်က အားရစရာကောင်းလွန်းပြီး ပုံစံသစ် စပါးကို ထုဆစ်သူတွေထဲက အရေးပါတဲ့ကစားသမားတစ်ဦးလည်းဖြစ်တယ်။ စပါးသွင်းယူခဲ့တဲ့ အဖွင့်ဂိုးအတွက် ဆွန်ဟောင်မင်ရဲ့ Marking ဖြစ်တဲ့ ရော့ဘ်ဟိုးလ်ဒင်းကို သူ့ရဲ့ Overlap လမ်းကြောင်းနဲ့ ဆွဲထုတ်သွားခဲ့လို့ ဆွန်ဟောင်မင် စိတ်ကြိုက်ကန်ခွင့်ရခဲ့တာကို တွေ့နိုင်တယ်။ အလားတူပဲ ဘောလုံးကို ကောင်းကောင်း Hold-up လုပ်ရင်း ဆွန်ဟောင်မင်ရဲ့လမ်းကြောင်းထဲ ကို ခင်းပေးခဲ့တဲ့ ကိန်းရဲ့ ပေးပို့မှုနဲ့ ဆွန်ရဲ့အဆုံးသတ်ကန်ချက်တွေက မှော်ဆန်လွန်းပါတယ်။

ဒုတိယဂိုးမှာလည်း အာဆင်နယ်က စပါးအသင်းရဲ့ ဂိုးပေါက်ရှေ့ကို ထိုးဖောက်နေရင်း တစ်မိနစ်မပြည့်ခင်မှာ စပါးက ခံစစ်ကနေ တိုက်စစ်ကို အလျင်အမြန် Transition လုပ်ပြီး သွင်းယူသွားခဲ့တာကို တွေ့ရတယ်။ အာတီတာက မော်ရင် ဟိုရဲ့အသင်းကို ထိုးဖောက်ဖို့ အဖြေမရှိခဲ့သလို၊ Counter တွေကို ရပ်တန့်ဖို့လည်း အဖြေမရှိခဲ့ ဘူး။ ဟာရီကိန်း-ဆွန်ဟောင်မင်အတွဲကို တားဆီးဖို့လည်း အဖြေမရှိခဲ့ဘူး။ ဒုတိယပိုင်းမှာ သူ့ အသင်းက အစွမ်းကုန်ကြိုးစားနေတာကို မြင်နေရပေမဲ့ အူဘာမီယန်း အလုပ်မဖြစ်တဲ့အချိန်မှာ အာဆင်နယ်တိုက်စစ်က သွားမပါတဲ့ ကျားတစ်ကောင်လို ဖြစ်နေခဲ့တယ်။ စပါးက သူ့ အသင်းအတွက် အရမ်းကောင်းလွန်းနေခဲ့တယ်ဆိုတာကိုလည်း မြင်ခဲ့ရတယ်။ ဒီနိုင်ပွဲက ချယ်လ်ဆီး ယာယီရယူခဲ့တဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ရဲ့နောက်ဆုံး (၄)ပွဲဆက် Clean Sheet ရတဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular