အင်တာမိုင်ယာမီအသင်းသည် ၂၀၂၄ Riyadh Season Cup ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ဆော်ဒီမှ ပြိုင်ပွဲတာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၁ ရက်ကတည်းက အင်တာမိုင်ယာမီအသင်း ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သော်လည်း ယင်းအချိန်တွင် အင်တာမိုင်ယာမီဘက်မှ ယင်းသတင်းများမှာ မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ခဲ့သည်။
အင်တာမိုင်ယာမီအနေဖြင့် Riyadh Season Cup ပွဲစဉ်များအဖြစ် နှစ်ပွဲကစားရန် သဘောတူခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်တွင် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အယ်လ်ဟီလာ၊ ဖေဖော်ဝါရီ ၁ ရက်တွင် အမှတ်ပေးဇယားဒုတိယနေရာ၌ ရှိနေသည့် အယ်လ်နာဆာ အသင်းများနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား နှစ်ဦးဖြစ်ကြသည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီမှာ ဖေဖော်ဝါရီ ၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အယ်လ်နာဆာနှင့် အင်တာမိုင်ယာမီအသင်းပွဲစဉ်၌ ပြန်လည်ထိပ်တိုက်တွေ့ဆုံရန် ရှိနေသည်။ မက်ဆီနှင့် စီရော်နယ်လ်ဒိုသည် ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်းပွဲများ၌ ၃၆ ကြိမ်အထိ တွေ့ဆုံဖူးပြီး မက်ဆီ၏ အသင်းများက ၁၆ ပွဲအထိအနိုင်ရကာ စီရော်နယ်လ်ဒို၏အသင်းများက ၁၀ ပွဲသာ အနိုင်ရခဲ့သည်။
ကျန်ကိုးပွဲမှာမူ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး မက်ဆီက ၂၁ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးခဲ့ကာ စီရော်နယ်လ်ဒိုက ဂိုး ၂၀ သွင်း၊ တစ်ဂိုးသာ ဖန်တီးခဲ့ကြောင်း အင်တာမိုင်ယာမီ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မက်ဆီနှင့် စီရော်နယ်လ်ဒိုသည် ပြီးခဲ့ သည့် ၂၀၂၃ Riyadh Season Cup ပွဲစဉ်၌လည်း တွေ့ဆုံခဲ့ကြဖူးသည်။
ထိုအချိန်က မက်ဆီက PSG အသင်းတွင် ကစားနေစဉ်ဖြစ်ပြီး စီရော်နယ်လ်ဒိုကမူ Riyadh XI အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် PSG အသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့ပြီး မက်ဆီက တစ်ဂိုးသွင်းယူကာ စီရော်နယ်လ်ဒိုမှာမူ ပယ်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။