၂၀၂၂-၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ မန်စီးတီးပရိသတ်များက အသင်းအပေါ် ယုံကြည်မှုအမြင့်ဆုံးရှိနေပြီး ထိပ်သီးအသင်းများအကြား အာဆင်နယ်နှင့် မန်ယူပရိသတ်များက အသင်းကို ယုံကြည်မှုအနည်းဆုံးဖြစ်နေ ကြောင်း သိရသည်။
ဗြိတိန်နာမည်ကြီးအားကစားရုပ်သံလိုင်းBT Sport မှImperial College London နှင့် ပူးပေါင်းပြီး ကောက်ယူခဲ့သည့် စစ် တမ်းအရ လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လက်ရှိချန်ပီယံ မန်စီးတီးအသင်း ချန်ပီယံဆု ကာကွယ်နိုင်လိမ့်မည်ဟု ၎င်းတို့၏ ပရိ သတ် ၈၀ ရာခိုင်နှုန်းက ယုံကြည်နေပြီး အာဆင်နယ်နှင့် မန်ယူအသင်းပရိသတ်များတွင် သူတို့အသင်း ချန်ပီယံဖြစ်မည်ဟု ယုံကြည်သူ မှာ ၂၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
မန်စီးတီး၏ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရသည့် လီဗာပူးလ်ပရိသတ်များက ၎င်းင်းတို့အ သင်း ဗိုလ်စွဲလိမ့်မည်ဟု ၆၉ ရာခိုင်နှုန်းက ထင်မြင်ယူဆသော်လည်း အပြင်းအထန်ယုံကြည်သူ ၃၃ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ ချယ်လ်ဆီးအသင်း ဗိုလ်စွဲမည်ဟု ယုံကြည်သည့် အသင်းပရိသတ်က ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပရီးမီးယား လိဂ်ပရိသတ် ၆၄ ရာခိုင်နှုန်းက နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်လက်ထက် အောင်မြင်မှုမျိုးကို မန်ယူအသင်း မည်သို့မျှ ပြန်လည်ရရှိနိုင်တော့မည်မဟုတ်ဟု ခံစားနေရပြီး မန်ယူပရိသတ် ၄၈ ရာခိုင်နှုန်းက ယင်းအဆိုကို သဘောတူလက်ခံခဲ့ကြသည်ဟု စစ်တမ်းက ဖော်ပြခဲ့သည်။
ထို့ပြင် လာမည့်ဆယ်စုနှစ်အတွင်း၌ ချန်ပီယံဆုရယူနိုင်ရန် မည်မျှယုံကြည်မှု ရှိသနည်းဟု နယူးကာဆယ်ပရိသတ်များအား သဘောထားကောက်ခံခဲ့ရာ ပရိသတ် ၇၇ ရာခိုင်နှုန်းက ယုံကြည်ကြောင်း မဲပေးခဲ့ကြ သည်ဟု သိရသည်။ နယူးကာဆယ်အသင်း သည် ဆော်ဒီပိုင်ရှင်များ၏ လက်အောက်သို့ ရောက်ရှိခဲ့သောကြောင့် ပရိသတ်များက ယုံကြည်မှုမြင့်မားလာခြင်း ဖြစ်သလို၊ လာမည့် ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အလေးပေးမှုတွင် ထိပ်သီးခြောက်သင်း၏နောက် ရေပန်းစားမှု နံပါတ်ခုနစ်နေရာတွင် ရပ်တည်နေကြောင်းလည်း သိရသည်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်တို့ အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ အာဆင်နယ် အသင်းသည် နွေရာသီ အပြောင်းအရွှေ့တွင် ငွေကြေးများစွာ သုံးစွဲထားသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်သာ ပစ်မှတ်ထားရမည် ဖြစ်ပြီး တိုက်စစ်မှူး ဂျေးဇူးက သော့ချက်ကစားသမားဖြစ်လာလိမ့်မည်ဟုလည်းDaily Mail က သုံးသပ်ခဲ့သည်။