၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် အာဂျင်တီးနားအသင်းမှ အသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီ ဝတ်ဆင်ကစားခဲ့သော ဂျာစီများကို လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် မက်ဆီ ဝတ်ဆင်ခဲ့သော ဂျာစီခြောက်ထည်ကို လေလံတင်ရောင်းချရန် စီစဉ်နေရာ ဗိုလ်လုပွဲ၌ဝတ်ဆင်ခဲ့သည့် ဂျာစီ အတွက် ကမ္ဘာ့စံချိန်တင်အဖြစ် ပေါင်ရှစ်သန်းကျော်ရရှိရန် မျှော်မှန်းထားသည်။ ဘောလုံးလောကတွင် ယခင်က တန်ဖိုးအကြီးဆုံးဂျာစီအဖြစ် စံချိန်တင်ထားသည်မှာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား (၂-၁) အင်္ဂလန်ပွဲ၌ မာရာဒိုနာကို Hand of God ဟု နာမည်ကျော်ကြားစေခဲ့သည့် ဂျာစီဖြစ်ပြီး ၂၀၂၂ ခုနှစ်က ပေါင် ၇ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
အားကစားသမားများ၏ဂျာစီများထဲတွင် တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်မှာ နာမည်ကျော် ဘက်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်၏ ဂျာစီဖြစ်ပြီး ပေါင် ၈ ဒသမ ၁ သန်းဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မက်ဆီ၏ဂျာစီများထဲတွင် တန်ဖိုးအကြီးဆုံးအဖြစ် ရောင်းချနိုင်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သော ရီးယဲလ်အသင်းနှင့်ပွဲတွင် ဝတ်ဆင်ခဲ့သည့် ဂျာစီဖြစ်ပြီး ပေါင် ၃၆၀၀၀၀ ရရှိခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် အုပ်စုအဆင့်၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအားလုံးတွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
မက်ဆီ၏ဂျာစီများကို နယူးယောက်အခြေစိုက် နာမည်ကြီးလေလံကုမ္ပဏီတစ်ခုဖြစ်သည့် Sotheby’s က ဦးစီးရောင်းချသွားမည် ဖြစ်သည်။ ယင်းကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်ကလည်း မိုက်ကယ်ဂျော်ဒန်၏ဂျာစီကို စံချိိန်တင်ငွေရရှိအောင် ဦးဆောင်ရောင်းချပေးခဲ့ကြောင်း သိရသည်။ Sotheby’s ၏ဥက္ကဋ္ဌဖြစ် သူ ဘရမ်းဝက်ချတာက မက်ဆီဂျာစီများ ရောင်းချမှုသည် လေလံသမိုင်းတွင် အလွန်ကြီးကျယ်သော အခါသမယဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
“၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အားကစားသမိုင်းမှာ အကြီးကျယ်ဆုံးပြိုင်ပွဲတွေက တစ်ခုပါ။ မက်ဆီရဲ့သတ္တိပြောင်မြောက်လှတဲ့ခရီးနဲ့ ဆက်စပ်ပြီး ထာဝရအကောင်းဆုံးကစားသမားအဖြစ် သူ့ရဲ့မှတ်တိုင်ကိုလည်း ခိုင်မြဲအောင် တည်ထောင်နိုင်ခဲ့ပါတယ်။ အခုလို တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကို အများပြည်သူရှေ့ ထုတ်ဖော်ပြသပြီး ရောင်းချခွင့်ရတာဟာ Sotheby’s အဖို့ ဂုဏ်ယူစရာတစ်ခုပါ။ ဘောလုံးထူးချွန်မှုရဲ့နယ်နိမိတ်အဖြစ် ထပ်ပြီးအဓိပ္ပာယ်ဖွင့်ဆိုရမယ့် ကစားသမားတစ်ယောက်အတွက် ကြီးမားတဲ့ တောက်ပမှုလို့ပဲ အတိုရှင်းဆုံး ပြောပါရစေ”ဟု ဝက်ချတာက ပြောကြားခဲ့သည်။
လေလံ လုပ်ငန်များဆောင်ရွက်မည့် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ မက်ဆီ၏ကမ္ဘာ့ဖလားဂျာစီများကို နယူးယောက်မြို့ရှိ Sotheby’s ရုံးချုပ်တွင် အများပြည်သူ ကြည့်ရှုနိုင်ရန် အခမဲ့ပြသထားမည်ဖြစ်ကြောင်း သိရသည်။