အမ်းမရိတ်မှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ မန်ယူနိုက်တက် ပွဲကတော့ ဂိုးမရှိ သရေနဲ့ ပြီးဆုံး သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး လိဂ် ၇ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစား ထားနိုင်ပြီး အဆိုပါ ၇ ပွဲမှာ Clean-Sheet ၅ ပွဲ အထိ ရရှိ ထားပါတယ် ။
ယူနိုက်တက် နဲ့ ပွဲတွင် အာဆင်နယ် အသင်းမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ အူဘာမီယန်း ၊ တီယာနေး တို့ မပါဝင်နိုင်ခဲ့ဘဲ လာကာဇက် ၊ ပေပေ ၊ မာတီနယ်လီ တို့ ပွဲထွက် လာခဲ့ပါတယ် ။
နှစ်သင်းစလုံးဟာ ဂိုးရနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပြီး အာဆင်နယ် ဘက်က လာကာဇက် ရဲ့ ဖရီးကစ် ကန်ချက် တစ်ကြိမ် တိုင်ထိ ထွက်ခဲ့သလို ပေပေ နဲ့ ဝီလီယံ တို့ကလည်း ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်တာကြောင့် ဂိုးမရ ခဲ့တာ ဖြစ်ပါတယ် ။
ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က ၁ မှတ် ရတယ်လို့ ခံစားမိသလား ဒါမှမဟုတ် ရမှတ် ၂ မှတ် ဆုံးရှုံး သွားတယ်လို့ ခံစားမိသလား ဆိုတဲ့ မေးခွန်းကို ပါးနပ် လိမ်မာစွာ ဖြေကြား သွားခဲ့ပါတယ် ။
” ကျွန်တော်ကတော့ မျှတတဲ့ ရလဒ်လို့ပဲ ထင်ပါတယ် ၊ နည်းပြ နှစ်ဦးစလုံး ကတော့ သူတို့ အသင်း အနိုင်ရသင့်တယ်လို့ တွေးထင်ကြမှာပါပဲ ၊ တကယ့်ကို ပွဲကြီး ပွဲကောင်းပါ ၊ ကျွန်တော်တို့ တစ်ယောက် နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ရင်ဆိုင် ကစား ရတဲ့ပွဲပါ ။ ”
” နှစ်သင်းစလုံး အနိုင် ရလဒ် လိုချင်ကြပေမယ့် ကျွန်တော်တို့ နှစ်သင်းစလုံး ဂိုးမသွင်း နိုင်ကြတော့ အနိုင်ရဖို့ ဆိုတာ မဖြစ် နိုင်ပါဘူး ။ ကျွန်တော်တို့ အသင်းရဲ့ အကောင်းဆုံး ကစားသမား သုံးဦး မပါနိုင်တဲ့ အချက်က သက်ရောက်မှုတော့ ရှိပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ကစားသွားကြသူတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ် ပျော်ရွှင် မိပါတယ် ။ သူတို့ ဘယ်လို ကြိုးစား ခဲ့ကြသလဲ ဆိုတာ တွေ့မှာပါ ၊ ဒုတိယပိုင်းမှာဆို ကျွန်တော်တို့ လွှမ်းမိုး ကစား နိုင်ခဲ့ပြီး အနိုင်ရဖို့ အခွင့်အရေးကောင်းတွေ ဖန်တီး နိုင်ခဲ့ပါတယ် ။ ”
ဒုတိယပိုင်းမှာ အာဆင်နယ် က အများကြီး တိုးတက် ကောင်းမွန်လာတယ်လို့ ဘာကြောင့် ခံစား မိတာလဲ ဆိုတဲ့ မေးခွန်းကိုလည်း အာတီတာ က ” ကျွန်တော်တို့ အပြောင်းအလဲ တစ်ချို့လုပ်ခဲ့ပါတယ် ။ ပိုပြီး ထိရောက်ဖို့ သူတို့နဲ့ ပိုမို နီးကပ် နိုင်ဖို့ ၊ high press မှာ ပိုထိရောက်ဖို့ လုပ်ဆောင် ခဲ့ပါတယ် ။ ”
” နောက်ပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုက်စစ် ကို ပိုမို ကောင်းမွန်အောင် တည်ဆောက် နိုင်ခဲ့ပါတယ် ၊ သူတို့ကို ပိုမို ခြိမ်းခြောက် နိုင်ခဲ့ပါတယ် ၊ ဘောလုံး ရတဲ့ အချိန်ကျ ပြိုင်ဘက်ကို အလွယ်တကူ ဘောလုံး ပြန်မပေးတော့ပါဘူး ၊ ကျွန်တော်တို့ အသင်း ပထမပိုင်းမှာ နေရာလွတ်တွေ အများကြီး ပေးနေခဲ့သလို ဖြစ်နေခဲ့ပြီး ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။