မန်ယူအသင်းသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ရိုးမားအသင်းအား (၆-၂) ဂိုးဖြင့် အနိုင်ရပြီးနောက် ၁၉၆၄ ခုနှစ်နောက်ပိုင်း မေဂျာဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် (၆)ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်ယူအသင်းက ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
ပွဲအစ (၉)မိနစ်မှာပင် ဘရူနိုဖာနန်ဒက်စ်က ဦးဆောင်ဂိုး စတင်သွင်းယူသော်လည်း (၁၅)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ပယ်လီဂရီနီက ချေပဂိုးနှင့် (၃၃)မိနစ်တွင် ဂျက်ကိုက ဒုတိယဂိုးသွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ရိုးမားအသင်းက (၂-၁) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်မူ မန်ယူအသင်း ချေပဂိုးနှင့် အနိုင်ဂိုးများ ဆက်တိုက်ရရှိခဲ့ပြီး (၄၈) နှင့် (၆၄) မိနစ်တွင် ကာဗာနီက (၂)ဂိုး၊ (၇၁) မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်၊ (၇၅) မိနစ်တွင် ပေါ့ဘာနှင့် (၈၆) မိနစ်တွင် လူစားဝင်ကစားသမား ဂရင်းဝုဒ်တို့က (၁)ဂိုးစီသွင်းယူခဲ့သောကြောင့် (၆-၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် ၁၉၆၄ ခုနှစ် ဥရောပဖလား (ယခုချန်ပီယံလိဂ်) ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ဇူးရစ်အသင်း အား (၆-၀) ဂိုးဖြင့် အနိုင်ရသည့် ရီးယဲလ်မက်ဒရစ်အသင်းနောက်ပိုင်း မေဂျာဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် (၆)ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်းပွဲတွင် (၂)ဂိုးသွင်းယူ ခဲ့သည့် ၀ါရင့်တိုက်စစ်မှူး ကာဗာနီ (၃၄ နှစ်၊ ၇၄ ရက်)မှာလည်း ၂၀၀၄-၂၀၀၅ ရာသီ PSV-အေစီမီလန် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် PSV အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့သည့် ဖီးလစ်ကိုကူး (၃၄ နှစ်၊ ၁၈၇ ရက်)နောက်ပိုင်း မေဂျာဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် (၂)ဂိုးသွင်းယူနိုင်သည့် အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မန်ယူအသင်းအနေဖြင့် ဂိုးပြတ်အနိုင်ရထားပြီးဖြစ်သော်လည်း နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့ ဗိုလ်လုပွဲမတက်သေးပါဘူး။ လုပ်စရာတွေပြီးသွားပြီလို့ မခံစားရပါဘူး။ ဒါပေမဲ့ ကောင်းတဲ့အလုပ်တစ်ခုတော့ လုပ်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ကောင်းကောင်းလုပ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ အရည်အသွေး ဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်”ဟု သုံးသပ်ပြောကြားသည်။