စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ယခုရာသီတွင် ခြောက်ပွဲကစားပြီးချိန်အထိ ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးမျှမသွင်းနိုင်သေးရာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရာသီအစ ခြောက်ပွဲကစားပြီးနောက် ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဟာရီကိန်းသည် နွေရာသီကာလတွင် မန်စီးတီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အသင်းသို့ပြန်လည်ရောက်ရှိချိန် နောက်ကျသဖြင့် ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။
၎င်းသည် ပွဲစဉ် ၂ မှစ၍ ယခုတစ်ပတ် ပွဲစဉ် ၇ ပြီးဆုံးချိန်အထိ ပွဲထွက်ကစားသမားအဖြစ် ငါးပွဲနှင့် လူစားဝင်အဖြစ် တစ်ပွဲကစားထားသော် လည်း တစ်ဂိုးမျှမသွင်းနိုင်သေးဘဲ ရုန်းကန်နေရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် ၂၀၁၅-၂၀၁၆ ရာသီနောက်ပိုင်း ရာသီအစ ခြောက်ပွဲကစားပြီးချိန်အထိ ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးမျှမသွင်းနိုင်သည့်မှတ်တမ်းကို ပြန်လည်ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
စပါးအသင်း နည်းပြ နူနိုကမူ ”အသင်းအတွက် သူကစားပေးတာ အရမ်းကောင်းပါတယ်။ ပထမဆုံးဂိုးလည်း ရလာမှာပါ။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့အခိုက်အတန့် ရောက်နေတယ်ဆိုတာ သိပါတယ်။ တိုက်စစ်နဲ့ ခံစစ်ကြား ဟန်ချက်ညီမှုကို ရှာဖွေရမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ပစ်မှတ်ပါပဲ။ အဲဒီအချက်က ကျွန်တော်တို့ကို ပိုပြီးတိုးတက်လာအောင် လုပ်ပေးနိုင်မှာပါ”ဟု ကာကွယ်ပြောကြားသည်။
ဟာရီကိန်းသည် ပရီးမီးယားလိဂ်တွင် ဂိုးမသွင်းနိုင်သေးသော်လည်း လိဂ်ဖလားပြိုင်ပွဲတွင် တစ်ဂိုးနှင့် ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် ဟက်ထရစ်သွင်းယူထားကြောင်း သိရသည်။