လီဗာပူးလ်အသင်း၏ လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ရှင်သန်စေသည့် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည့် လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်က သူသည် ယင်းပွဲတွင် ရှင်းပြရန်ခက်ခဲသည့် ကံကြမ္မာကောင်းကို ပိုင်ဆိုင်ခဲ့ပြီး ယင်းဂိုးကို ကွယ်လွန်သူ ဖခင်အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အယ်လစ်ဆန်က “ကျွန်တော် ရှေ့ကို ပြေးတက်လာတာက အသင်းဖော်တွေကို ကူညီရုံအတွက်ပါပဲ။ ပြီးတော့ နေရာကောင်းကို ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုနေရာတွေက ပြိုင်ဘက်နောက်ခံလူတွေ ဂရုစိုက်ပြီး ကာကွယ်လေ့ရှိတဲ့နေရာဆိုပေမဲ့ ဒီပွဲမှာတော့ ကျွန်တော့်ကို ဘယ်နောက်ခံလူကမှ လာမကပ်ခဲ့ကြဘူး။ ကျွန်တော် အရမ်းကံကောင်းခဲ့ပြီး ကောင်းချီးပေးခံရသလို ခံစားရပါတယ်။ တစ်ခါတလေမှာ ဖြစ်သွားတာတွေက အရမ်းရှင်းပြဖို့ ခက်ခဲပြီး အခုတစ်ကြိမ်ကံကောင်းတာကိုလည်း ရှင်းပြဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ ရှင်းပြဖို့ခက်တဲ့ ကောင်းခြင်းတွေ အများကြီး ကြုံတွေ့ခဲ့ဖူးပြီး ဒီတစ်ကြိမ်လည်း ကောင်းချီးပေးခံရတယ်လို့ ကျွန်တော်ခံစားရပါတယ်” ဟု ပြောကြားခဲ့သည်။
အယ်လစ်ဆန်က ယင်းဂိုးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကွယ်လွန်သွားခဲ့သည့် သူ၏ဖခင်ဖြစ်သူအတွက် ရည်ရွယ်သည်ဟုလည်း ပြောကြားခဲ့ပြီး “ကျွန်တော် အရမ်းခံစားရပါတယ်။ ပြီးခဲ့တဲ့ လတွေဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် စိတ်ပျက်စရာလတွေပါ။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက အဖေနဲ့ ဘောလုံးကစားခဲ့တာဖြစ်ပြီး ဒီဂိုးကလည်း သူ့အတွက် ရည်ရွယ်ပါတယ်” ဟု ဆိုခဲ့သည်။