၂၀၂၀-၂၀၂၁ ရာသီအတွက် ဥရောပဂိုးအများဆုံးရွှေဖိနပ်ဆုကို ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ဆွတ်ခူးရရှိခဲ့ပြီး ယင်းဆုရရှိသည့် ပထမဆုံးပိုလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ယင်းဆုကို ဥရောပအားကစားမီဒီယာအဖွဲ့ (ESM) က ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး သွင်းဂိုးအရေအတွက်ကို လိဂ်ပြိုင်ပွဲအလိုက် သတ်မှတ်ထားသည့်ရမှတ်ဖြင့် ပြန်လည်တွက်ချက်၍ အမှတ်အများဆုံးကစားသမားကို ချီးမြှင့်ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးသည် ယခုရာသီဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ၄၁ ဂိုးအထိ သွင်းယူခဲ့ပြီး ယင်းဂိုးအရေအတွက်ကို ၂ ဖြင့်မြှောက်၍တွက်ချက်ရာ ရမှတ် ၈၂ မှတ် ရရှိခဲ့သည်။
သို့ဖြစ်ရာ ၎င်းင်းအနေဖြင့် အနီးဆုံးပြိုင်ဘက်ဖြစ်သည့် ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ (၃၀ ဂိုး၊ ၆၀ မှတ်)ထက် ၂၂ မှတ်အသာဖြင့် ဥရောပရွှေဖိနပ်ဆု ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးသည် ဥရောပရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ်ရရှိ ခြင်းဖြစ်ပြီး ၁၉၆၉-၁၉၇၀ နှင့် ၁၉၇၁-၁၉၇၂ ရာသီတွင် နှစ်ကြိမ်ရရှိခဲ့သည့် ဂတ်မူလာနောက်ပိုင်း ယင်းဆုကို တစ်ကျော့ပြန်ရယူနိုင်သည့် ပထမဆုံး ဘွန်ဒစ်လီဂါကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဥရောပရွှေဖိနပ်ဆုကို မက်ဆီက ခြောက်ကြိမ်ဖြင့် အများဆုံးရရှိထားပြီး ၎င်း၏အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုက လေးကြိမ်ရရှိထားကြောင်း သိရသည်။