တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက ပုံစံအသစ်တွေနဲ့ ယှဉ်ပြိုင်နေတဲ့ ဥရောပပြိုင်ပွဲတွေကြောင့် အသင်းအတွက် ကစားသမားသစ်ခေါ်ယူရာမှာ အခက်အခဲတွေရှိလာကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။ တော့တင်ဟမ်ဟာ အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့စီနီယာကစားသမား ၁၀ ယောက်ကို လောလောဆယ်မှာ အသုံးပြုနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးကို ၃-၆ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသမား ဖရေဆာဖော်စတာ၊ ဒီဂျက်စပန့်စ်နဲ့ အာချီဂရေးတို့လို အရန်ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့ရပါတယ်။
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ တော့တင်ဟမ်ဟာ အနည်းဆုံး နောက်ခံလူသစ်တစ်ယောက်ကို ခေါ်ယူဖို့ ရည်ရွယ်ထားပြီး တိုက်စစ်ပိုင်းကိုလည်း အင်အားဖြည့်တင်းလိုနေတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။လောလောဆယ်မှာတော့ ပိုစတီကိုဂလူဟာ စီးရီးအေကလပ် အတ္တလန္တာနောက်ခံလူ ဘန်ဂေါ့ဖရေးကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
ယခုအခါမှာတော့ ပိုစတီကိုဂလူက ဥရောပပွဲစဉ်တွေအတွင်း နောက်ထပ် ၂ ပွဲအပိုကစားရခြင်းက ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ အခက်ခဲဖြစ်စေနိုင်ကြောင်း မီးမောင်းထိုးပြလာခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ၆ ပွဲမှ ၈ ပွဲအထိ တိုးမြှင့်ထားတာဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှသာ ပြီးဆုံးမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်တွေသာမက ယူရိုပါလိဂ်ကလည်း ဇန်နဝါရီလ ၃၀ ရက်နေ့မှသာ ပြီးဆုံးမှာဖြစ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကုန်ဆုံးမှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ကိုးလိုးကန့်လန့်အခြေအနေတွေဖြစ်ပေါ်နေစေတာဖြစ်ပါတယ်။
ပိုစတီကိုဂလူကို အသင်းရဲ့လူစာရင်းကို များပြားအောင်ပြုလုပ်မှာလား ဒါမှမဟုတ် လက်ရှိကစားသမားတွေကိုပဲ တိုးတက်အောင်ပြုလုပ်မှာလားလို့ မေးမြန်းခဲ့ရာ ဩစတြေးလျသားက “ဒါက မတူညီတဲ့မေးခွန်း ၂ ခုပါ။ အသင်းကိုတိုးတက်အောင်ပြုလုပ်ဖို့ကတော့ တော်တော်လေး ပြင်းထန်တဲ့စိန်ခေါ်မှုပါပဲ။ ကစားသမားသစ်တွေခေါ်ယူတာကတော့ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ ဥရောပပွဲတွေက ဇန်နဝါရီအတွင်းမှာ မပြီးသေးတော့ ကျွန်တော်တို့ ကစားသမားသစ်ခေါ်ယူရာမှာ ပိုပြီး အခက်အခဲဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေ ချန်ပီယံလိဂ်ကစားခွင့်မရတဲ့အသင်းတွေက ဇန်နဝါရီမှာ ကစားသမားတွေကို လက်လွှတ်ဖို့စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အခြားဥရောပပွဲစဉ်တွေကပါ ချန်ပီယံလိဂ်လို ကစားနေရတော့ အခုချိန်က အခြေအနေတစ်မျိုးဖြစ်နေပါတယ်။ ဒီအခြေအနေကို ကျွန်တော်တို့ဘယ်လိုကိုင်တွယ်ရမလဲ အာရုံစိုက်သွားပါမယ်” လို့ဖြေကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာကြောင့် တော့တင်ဟမ်ရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့တဲ့ ဒက်စ်တင်နီယူဒိုဂီဟာ လာမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်ကစားသွားမှာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကျရောက်နေခဲ့တဲ့ ရိုဒရီဂိုဘန်တန်ကာကလည်း ပြန်လည်ကစားနိုင်ပြီဖြစ်ပါတယ်။ တံကောက်ကြောဒဏ်ရာရနေတဲ့ ဘန်ဒေဗီးစ်ကတော့ ဖောရက်စ်နဲ့ပွဲစဉ်မတိုင်မီ အကဲဖြတ်ဖို့လိုအပ်နေသေးပြီး ပါဝင်ကစားဖို့ အခွင့်အရေးရှိနေတယ်လို့ သိရပါတယ်။