ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ဥရောပစူပါလိဂ်အစီအစဉ်မှ နုတ်ထွက် ရန် ကျန်ရှိနေသည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့ကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဥရောပစူပါလိဂ်ကျင်းပရန် ဦးဆောင် ကြိုးပမ်းခဲ့သည့် ဥရောပထိပ်သီးကလပ် ၁၂ သင်းအနက် ပရီးမီးယားလိဂ် Big Six ခြောက်သင်း (မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါး)၊ အက်သလက်တီကို၊ အေစီမီလန်နှင့် အင်တာမီလန် စုစုပေါင်း ကိုးသင်းက ရက်ပိုင်းအကြာမှာပင် ပြန်လည် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့သုံးသင်းမှာမူ လက်ရှိအချိန်အထိ နုတ်ထွက်ရန် ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
သို့ဖြစ်ရာ UEFA ၏ ကျင့်ဝတ်နှင့် စည်းကမ်းထိန်း သိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းတို့သုံးသင်းအား စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “စူပါလိဂ်လို့အမည်ရတဲ့ ပရောဂျက်နဲ့ အဆက်အသွယ်ပြုလုပ်မှုကြောင့် UEFA ရဲ့ ဥပဒေမူဘောင်တွေ ချိုးဖောက်နိုင်တဲ့ အလား အလာအတွက် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်တို့ကို စုံစမ်းစစ်ဆေးဖို့ UEFA ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်” ဟု UEFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UEFA သည် ဥရောပစူပါလိဂ်မှ နုတ်ထွက်ကြောင်း ကြေညာထားသည့် ကိုးသင်းကို ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဒဏ်ကြေး အနည်းငယ်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကိုးသင်းအနေဖြင့် ဥရောပတစ်ဝန်းရှိ ကလေးငယ်များနှင့် လူငယ်အဆင့် ဘောလုံးပြိုင်ပွဲများအတွက် ယူရို ၁၅ သန်းကို စုပေါင်းလှူဒါန်းရန် သဘောတူညီမှုရထားပြီး ၂၀၂၃-၂၀၂၄ ရာသီမှစ၍ ဥရောပပြိုင်ပွဲများ မှရရှိမည့် ဝင်ငွေအနက် ငါးရာခိုင်နှုန်းကို တစ်ရာသီဆိုင်းငံ့ခံရမည်ဖြစ်သည်။
သို့သော် အနာဂတ်တွင် စူပါလိဂ်ကဲ့သို့ တရားမဝင် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ပါက တစ်သင်းလျှင် ယူရိုသန်း ၁၀၀ နှင့် ကတိကဝတ်ဆိုင်ရာ သဘောတူညီချက်များ ချိုးဖောက်ပါ က တစ်သင်းလျှင် ယူရိုသန်း ၅၀ ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ စူပါလိဂ်မှနုတ်ထွက်ရန် ကျန်ရှိသည့် သုံးသင်းမှာမူ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် နှစ် နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။