ဘရာဇီးလ်နောက်ခံလူ အဲလ်ဗတ်စ် တင်ရှိထားသည့် ဆုဖလားအများဆုံး ပရော်ဖက်ရှင်နယ်ကစားသမားစံချိန်ကို မက်ဆီက ချိုးဖျက်နိုင်လိမ့်မည်ဟု ဘရာဇီးလ်နောက်ခံလူဟောင်းပင်ဖြစ်သည့် မက်ဇ်ဝဲလ်က Goal.com နှင့် အင်တာဗျူးတွင် သုံးသပ်ခဲ့သည်။
လက်ရှိ ဘာစီလိုနာအသင်းတွင် တစ်ကျော့ပြန်ကစားနေသည့် အဲလ်ဗတ်စ်သည် ကစားသမားဘဝတွင် စံချိန်တင်အဖြစ် ဆုဖလားအများဆုံး (၄၄)လုံးအထိ ရရှိထားပြီး မက်ဆီ(၃၈ လုံး)ထက် (၆)လုံး အသာရလျက်ရှိသည်။
ဘာစီလိုနာအသင်းတွင် မက်ဆီ၊ အဲလ်ဗတ်စ်တို့နှင့် အသင်းဖော်ဖြစ်ခဲ့ပြီး PSG အသင်းတွင် ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီးနောက် အနားယူခဲ့သူ မက်ဇ်ဝဲလ်က မက်ဆီအနေဖြင့် စံချိန်တိုင်းကို ချိုးဖျက်နိုင်ရန် အခွင့်အရေးရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
”သူ(မက်ဆီ)ဟာ စံချိန်တိုင်းကို ချိုးဖျက်ဖို့ အခွင့်အရေးရှိပါတယ်။ PSG အသင်းမှာ ကစားနေတာက သူ့ဝန်းကျင်မှာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းရှိပြီး ဆုဖလားတွေ ပိုမိုဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခုချိန်မှာ ဒန်နီ(အဲလ်ဗတ်စ်)က ဘာစီလိုနာမှာ ကစားနေပေမဲ့ မက်ဆီအနေနဲ့ ကစားသမားဘဝ ပိုကြာရှည်နိုင်ပါတယ်။ ဒန်နီ ဘယ်လောက်အထိ ကစားမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ လီယွန်နယ်က ပိုငယ်ပါတယ်”ဟု မက်ဇ်ဝဲလ်က သုံးသပ်ခဲ့သည်။
မက်ဇ်ဝဲလ်သည် သူ၏ကစားသမားဘဝတွင် ဆုဖလား (၃၇)လုံးအထိရရှိခဲ့ကာ အင်နီယေစတာ၊ မက်ဆီတို့ နှင့်တူညီခဲ့ဖူးပြီး ပြီးခဲ့သည့်နွေရာသီကမှ မက်ဆီက ကိုပါအမေရိကချန်ပီယံဆုနှင့်အတူ ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။