ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်လူ ဂျော်ဂျင်ဟိုအား အဲရစ်ဆင်နှင့် အလဲအထပ်လုပ်ရန် အင်တာမီလန်အသင်းနှင့် ဆွေးနွေးနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အင်တာမီလန်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် အဲရစ်ဆင်ကို သဘောကျနေပြီး ဂျော်ဂျင်နှင့်အလဲအထပ်ပြုလုပ်ရန် အင်တာမီလန်အသင်းကို ဦးစွာဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း အီတလီသတင်းစာ Calciomercato က ဖော်ပြခဲ့သည်။
အင်တာမီလန်နည်းပြ ကွန်တီသည် ဂျော်ဂျင်ဟိုကို နှစ်သက်သူဖြစ်ပြီး ဂျော်ဂျင်ဟို၏ စျေးကွက်တန်ဖိုးမှာ အဲရစ်ဆင်ထက် မြင့်သဖြင့် ချယ်လ်ဆီးသည် ဂျော်ဂျင်ဟိုအတွက် အဲရစ်ဆင်+ပေါင် (၁၈)သန်း တောင်းဆိုသွားဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။
Calciomercato ၏ ဖော်ပြချက်အရ အဲရစ်ဆင်နှင့် ဂျော်ဂျင်ဟို အလဲအထပ်လုပ်ရန်အတွက် အင်တာမီလန်နှင့် ချယ်လ်ဆီး ဆွေးနွေးမှုမှာ ကနဦးအဆင့်သာ ရှိသေးသော်လည်း တိုးတက်မှုများ ရှိနေကြောင်း သိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ အဲရစ်ဆင်သည် ၂၀၁၉ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် စပါးအသင်းမှ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၅)ဂိုး သွင်းယူထားသည်။
အသက် (၂၉)နှစ်အရွယ်ရှိ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုသည် ၂၀၁၈ တွင် နာပိုလီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၁၂၀)တွင် (၁၅)ဂိုး သွင်းယူထားသည်။