လာမည့်အောက်တိုဘာလတွင် အသက်(၄၁)နှစ်ပြည့်တော့မည့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ကစားသမားဘဝမှ အနားယူဦးမည်မဟုတ်ဘဲ အေစီမီလန်အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုကာ ဘောလုံးဆက်လက်ကစားသွားဦးမည်ဖြစ်ကြောင်း သိရသည်။
Sky Sports Italia က အီဘရာဟီမိုဗစ်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုသွားမည်ဖြစ်ပြီး တစ်ရာသီထက် ပိုမိုကာ ဘောလုံးဆက်ကစားဖွယ်ရှိနေကြောင်းလည်း ရေးသားခဲ့သည်။
၎င်းအနေဖြင့် ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူထားရသောကြောင့် ပြန်လည်ပျောက်ကင်းရန် (၆)လ သို့မဟုတ် (၇)လခန့် အချိန်ယူရမည်ဖြစ်သောကြောင့် လာမည့် ၂၀၂၃ ခုနှစ်မှသာ အသင်းအတွက် ဘောလုံးပြန်ကစားနိုင်မည့် အနေအထားရှိနေသည်။
ယင်းအတွက်ကြောင့် အီဘရာဟီ မိုဗစ်သည် စာချုပ်သစ်တွင် လစာငွေကို လျှော့ယူခဲ့ရကြောင်း သိရသည်။ လက်ရှိစာချုပ်အရ တစ်နှစ်လစာ ယူရို (၁)သန်း သို့မဟုတ် (၁.၅)သန်းဝန်းကျင်သာ ရရှိမည်ဖြစ်ပြီး သွင်းဂိုးနှင့် စွမ်းဆောင်ရည်အပေါ် ထပ်ဆောင်းပေးမည့် အပိုဆုကြေး ပါဝင်လျက်ရှိသည်။