အီတလီအသင်းသည် ချက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲစဉ်တွင် (၄-၀)ဂိုးဖြင့်အနိုင်ရရှိပြီးနောက် အသင်း၏ပေးဂိုးမရှိနိုင်ပွဲဆက်ပွဲအရေအတွက်မှာ (၈)ပွဲအထိရှိလာခဲ့ပြီး လက်ရွေးစင်အသင်း၏သမိုင်းတစ်လျှောက် အကောင်းဆုံးသောစံချိန်မှတ်တမ်းဖြစ်ခဲ့ကြောင်း သိရသည်။
အီတလီအသင်းသည် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံနိုင်ငံတကာပွဲစဉ် (၈)ပွဲဆက်အနိုင်ရရှိခဲ့သလို ယင်း (၈)ပွဲစလုံးတွင် ပေးဂိုးမရှိခဲ့ဘဲ (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အီတလီအသင်းသည် နည်းပြ မန်စီနီ၏လက်အောက်တွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူနေပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၁၁)ရက်နေ့ကယှဉ်ပြိုင်ခဲ့သော အက်စ်တိုးနီးယားအသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲမှစတင်၍ ပြီးခဲ့သည့်ဇွန် (၄)ရက်နေ့ကယှဉ်ပြိုင်ခဲ့သော ချက်အသင်းနှင့်ပွဲစဉ်အထိ (၈)ပွဲဆက်တိုက် ပေးဂိုးမဲ့နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။
အီတလီအသင်းအနေဖြင့် အဆိုပါ (၈)ပွဲတွင် ၂၀၂၂ ကမ္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲ (၃)ပွဲ၊ နိုင်ငံတကာခြေစမ်းပွဲ (၃)ပွဲနှင့် ၂၀၂၀-၂၁ ရာသီ UEFA Nations League ပွဲစဉ် (၂)ပွဲ ပါဝင်ခဲ့သည်။
ထို့ပြင် အီတလီအသင်းသည် နည်းပြ မန်စီနီ၏လက်အောက်တွင် ပြိုင်ပွဲစုံနိုင်ငံတကာပွဲ နောက်ဆုံး (၂၇)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၂၂)ပွဲနိုင်၊ (၅)ပွဲသရေ ရလဒ်ကို ရရှိထားသည်။
အီတလီအသင်းသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၉)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော UEFA Nations League ပွဲစဉ်တွင် ပေါ်တူဂီအသင်းအား (၁-၀) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်းကစားခဲ့သော နိုင်ငံတကာပွဲစဉ်များတွင် ရှုံးပွဲမရှိခဲ့ခြင်းဖြစ်သည်။
အီတလီအသင်းအနေဖြင့် ယင်းရှုံးပွဲမရှိခဲ့သည့်ပွဲစဉ် (၂၇)ပွဲတွင် ဂိုးမပေးရသည့်ပွဲ (၂၀)ပွဲအထိရှိခဲ့ပြီး (၇)ဂိုးသာခွင့်ပြုခဲ့ရရာ ယင်းကာလအတွင်း ဥရောပအသင်းများထဲတွင် ခံစစ်ပိုင်းစွမ်းဆောင်ရည် အကောင်းဆုံးမှတ်တမ်းလည်း ဖြစ်ခဲ့သည်။
အီတလီအသင်း၏စွမ်းဆောင်ရည်မှတ်တမ်းကောင်းများနှင့်ပတ်သက်ပြီး နည်းပြ မန်စီနီက မိမိအနေဖြင့် အသင်း၏ကစားပုံအပေါ် ကျေနပ်အားရသော်လည်း လာမည့် ယူရိုပြိုင်ပွဲတွင်ပါ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်း သွားနိုင်ရန်အလိုရှိကြောင်း ပြောကြားခဲ့သည်။
မန်စီနီက ”အသင်းရဲ့စွမ်းဆောင်ရည်ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်တို့အသင်းဟာ တစ်ပွဲချင်းစီအလိုက်ကို အကောင်းဆုံးတုံ့ပြန်ရင်ဆိုင်ခဲ့တာဖြစ်ပြီး ဒါကပဲ စိတ်လှုပ်ရှားစရာအသင်းကိုဖြစ်စေခဲ့တာပါ။ ကျွန်တော့်အနေနဲ့ကတော့ လာမယ့်ယူရိုပြိုင်ပွဲမှာလည်း ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းသွားနိုင်ဖို့ ဆန္ဒရှိပါတယ်” ဟု ချက်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ပြောကြားခဲ့သည်။
မန်စီနီသည် အီတလီလက်ရွေးစင်အသင်းအား ၂၀၁၈ ခုနှစ်၊ မေ (၁၅)ရက်နေ့တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၎င်းလက်ထက် ပြိုင်ပွဲစုံ (၃၂)ပွဲကိုင်တွယ်ခဲ့ရာတွင် (၂၃)ပွဲနိုင်၊ (၇)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ကို ရရှိထားသည်။