အီတလီဝါရင့်နောက်ခံလူ ချီလီနီသည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရှိရသည်။
အသက် (၃၆)နှစ်အရွယ်ရှိ ချီလီနီသည် အီတလီအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ဇွန်လ (၁၆)ရက်က ကစားခဲ့သည့် ဆွစ်ဇာလန်နှင့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့သည်။
ချီလီနီသည် အဆိုပါဒဏ်ရာကြောင့် ပွဲချိန် (၂၄)မိနစ်တွင် အယ်ကာဘီနှင့် လူစားလဲခဲ့ရသလို၊ ဇွန်လ (၂၀)ရက်က ဝေးလ်စ်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့ရသည်။
ချီလီနီသည် ယင်းကတည်းက တစ်ဦးတည်း သီးခြားလေ့ကျင့်နေခဲ့ရသော်လည်း ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အသင်းနှင့်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အီတလီအသင်းသည် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ဇွန်လ (၂၆)ရက်တွင် သြစတြီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။
ချီလီနီသည် အသင်းနှင့်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း သြစတြီးယားအသင်းနှင့်ပွဲတွင်မူ အီတလီနည်းပြ မန်စီနီအနေဖြင့် ၎င်းကို ပွဲထွက်အဖြစ် အသုံးပြုဖွယ်မရှိကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။