ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးကို ရယူရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့သည်။
ESPN Colombia နှင့် အင်တာဗျူးတွင် ကိုလံဘီယာနာမည်ကြီးတိုက်စစ်မှူးဟောင်း အက်စ်ပရဲလားက အန်ဆယ်လော့တီကို နိုင်ငံလက်ရွေးစင်အသင်းနည်းပြရာထူးအကြောင်း မေးမြန်းမှုတွင် အန်ဆယ်လော့တီက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နေ့စဉ်အလုပ်လုပ်နေရသည်ကိုသာ နှစ်သက်ကြောင်း ဖြေကြားခဲ့သည်။
”ကျွန်တော် မသိပါဘူး။ အသင်းတွေနဲ့ တစ်နေ့ပြီးတစ်နေ့ လေ့ကျင့်ခန်းဆင်းရတာကိုပဲ ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ လက်ရွေးစင်အသင်းတစ်သင်းရဲ့ နည်းပြရာထူးအကြောင်း မတွေးမိခဲ့ပါဘူး”ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
လက်ရှိတွင် အီတလီအသင်းကို ကိုင်တွယ်နေသည့် နည်းပြ မန်စီနီ၏စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ စာချုပ်သက်တမ်းရှိနေကြောင်း သိရသည်။
မန်စီနီသည် အီတလီအသင်းကို ယူရို-၂၀၂၀ ပြိုင်ပွဲ ချန်ပီယံဖြစ်စေခဲ့ပြီး နိုင်ငံအသင်းတစ်သင်းအတွက် ရှုံးပွဲမရှိပွဲ အများဆုံးစံချိန်ကိုလည်း ရယူပေးခဲ့သည်။