ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အေစီမီလန်အသင်းနှင့် (၁-၁)ဂိုးစီသရေကျခဲ့သော စီးရီးအေအိမ်ကွင်း ပွဲစဉ်အပြီးတွင် အီတလီဘောလုံးလောက၏ အားနည်းချက်များကို ထပ်မံဝေဖန်ခဲ့သဖြင့် အရေးယူခံရဖွယ်ရှိနေကြောင်း သိရသည်။
လက်ရှိရာသီတွင် မော်ရင်ဟိုသည် စီးရီးအေဒိုင်လူကြီးများ၏ စွမ်းဆောင်ရည်အပေါ် အမြဲတမ်းလိုလိုဝေဖန်ခဲ့ပြီး အဆိုပါလုပ်ရပ်များကြောင့် ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခံရဖူးသည်။
ထို့ပြင် ဂျူဗင်တပ်စ်အသင်း၏ ရမှတ် (၁၅)မှတ်လျှော့ပြစ်ဒဏ်ကို အီတလီနိုင်ငံ၏ အမြင့်ဆုံးအယူခံရုံးက ပယ်ဖျက်ပေးပြီးနောက် မော်ရင်ဟိုက ဝေဖန်မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ယခုအခါ မော်ရင်ဟိုက “ကျွန်တော် အီတလီအတွေ့အကြုံ (၄)နှစ်ရှိပါတယ်။ အင်တာမီလန်အသင်းနဲ့အတူ (၂)နှစ်၊ ရိုးမားအသင်းနဲ့အတူ (၂)နှစ်ပေါ့။ ဒီတော့ အီတလီနိုင်ငံရဲ့ အထာတွေကို သိနေပါပြီ။ အီတလီ အားကစားလောကရဲ့ ဖွဲ့စည်းပုံကလည်း စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်နဲ့ပတ်သက်ပြီးတော့လည်း သူတို့ရဲ့ဆုံးဖြတ်ချက်က အမှားအယွင်းများစွာရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ခရီမိုနီဆီအသင်းနှင့် ပွဲစဉ်တွင် စတုတ္ထဒိုင် မာကိုဆာရာကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့ပြီး စော်ကားပြောဆိုသည်ဟူသောစွဲချက်ကြောင့် (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖူးသည်။
အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့သော်လည်း အယူခံပယ်ချခံရပြီး မော်ရင်ဟိုသည် ဆာဆူအိုလို၊ လာဇီယိုအသင်းနှင့်ပွဲများတွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယခုအခါ စီးရီးအေစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ရိုးမားနှင့် ခရီမိုနီဆီအသင်းမှဖြစ်စဉ်များအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် စတုတ္ထဒိုင် မာကိုဆာရာတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့ကြောင့် မော်ရင်ဟိုက “ကျွန်တော်က မမျှတတဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး ကျွန်တော့်ရဲ့နစ်နာမှုအတွက် လျော်ကြေးပြန်မရပါဘူး။ ဂျူဗင်တပ်စ်အသင်းကတော့ (၁၅)မှတ် အလျှော့ခံရပြီးမှ (၁၅)မှတ်ပြန်ရသွားပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက အေစီမီလန်အသင်းနှင့်ပွဲရလဒ်အတွက် ဝမ်းနည်းမိသော်လည်း သူ့အသင်း၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ချမ်းသာတဲ့အသင်းမဟုတ်ပါဘူး (ဂျူဗင်တပ်စ်အသင်းက ပြစ်ဒဏ်တွေကို ငွေပေးဖြေရှင်းတယ်လို့ ရည်ညွှန်း)။ လူအင်အားတောင့်တင်းတဲ့အသင်းလည်း မဟုတ်ပါဘူး။ ဒဏ်ရာရကစားသမားတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်(၄)နေရာ အတွက် ကျွန်တော်တို့အသင်းဟာ ကိုယ်တတ်စွမ်းသလောက် ကြိုးစားနေပါတယ်။ လွယ်တော့မလွယ်ဖူးပေါ့” ဟု ပြောကြားခဲ့သည်။