ဂါရက်ဆောက်ဂိတ်ဟာ မနေ့ညက အင်္ဂလန်က အီတလီကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက် ကစားသမား ၂ ဦး ဖြစ်တဲ့ မားကပ်ရပ်ဖို့ဒ် နဲ့ ဟယ်ရီမက်ဂွိုင်းယား တို့ကို ချီးကျူးသွားခဲ့ပါတယ်။ မက်ဂွိုင်းယား နဲ့ ရပ်ဖို့ဒ် တို့ဟာ အီတလီ နဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့ကြပြီး နှစ်ဦးစလုံး ပုံစံကောင်း ပြသနိုင်ခဲ့ကာ ဒီနိုင်ပွဲကြောင့် အင်္ဂလန်တို့ ယူရို ၂၀၂၄ ပြိုင်ပွဲ၀င်ခွင့် ရရှိသွားခဲ့ပါတယ်။
ဆောက်ဂိတ်က “ကျနော့်ဘက်ကတော့ ကစားသမား အားလုံး သူတို့ကလပ်မှာ ပုံမှန်ကစားခွင့် ရတာကို မြင်ချင်ပါတယ်။ ဒါပေမယ့် ဖီးလစ် နဲ့ မက်ဂွိုင်းယား တို့ ဒီညမှာ ထူးချွန်စွာ ကစားနိုင်ခဲ့ကြတာကို ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ သူတို့ဟာ ကျနော်တို့ အတွက် အရမ်းကို အရေးပါပါတယ်။ သူတို့ဟာ တကယ်ကောင်းတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ။”
ရပ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ဂိုးတွေ သွင်းယူရန် ရုန်းကန်နေခဲ့ရပေမယ့်လည်း ဒီညမှာတော့ အင်္ဂလန်တို့ ၂-၁ နဲ့ ဦးဆောင်စေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။
ဆောက်ဂိတ်က “ကျနော်တို့ရဲ့ တိုက်စစ် ကစားသမားတွေဟာ အသင်း အတွက် မယုံနိုင်လောက်အောင် အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီညမှာ ဆိုရင် မားကပ်ရပ်ဖို့ဒ် အနေနဲ့ ကီလိုမီတာ ဘယ်လောက်တောင် ပြေးလွှားခဲ့သလဲဆိုတာ ကျနော် သိတောင် မသိတော့ပါဘူး။ အသင်းရဲ့ တိုက်စစ် ကစားသမားတွေက ဒီလို အပြင်းအထန် ကြိုးစားတဲ့ အခါ ဒါဟာ အသင်း အတွက် အရမ်းကို ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။
အင်္ဂလန်ရဲ့ နိုင်ပွဲအပေါ် နည်းပြက “ကျနော်တို့ဟာ အောင်မြင်မှုကို တအားဆာလောင်နေကြသလို လေ့လာသင်ယူဖို့လည်း တအားကို စိတ်အားထက်သန်မှု ရှိကြပါတယ်။ တအားကို ညီညွှတ်တဲ့ အုပ်စုပါ။ ခင်ဗျားတို့ ဒါကို ဒီည performance ကို ကြည့်ရင် သိနိုင်ပါတယ်။ ကျနော်တို့ အရင်က ပြောထားခဲ့သလိုပဲ စိတ်ဓာတ်ဟာ အဓိကကျပါတယ်။ ဒီညရဲ့ ကစားပုံ ကတော့ တကယ့်ကို တားမရဆီးမရ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။