မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ Big Match ကွာတားဖိုင်နယ်ပွဲ ဖြစ်တဲ့ အီတလီ – ဘယ်လ်ဂျီယမ် ပွဲမှာ ရောဘတ်တို မန်စီနီ လက်ထက် ပြိုင်ပွဲစုံ နောက်ဆုံး ၃၁ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ အီတလီ အသင်းဟာ ပထမပိုင်းက သွင်းဂိုးတွေနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ ဆီ်မီးဖိုင်နယ် အဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ် ။
ဒီပွဲမှာ အီတလီဖက်က လူစုံတက်စုံ ပါဝင်လာခဲ့ပေမယ့် ၊ ဘယ်လ်ဂျီယမ်ဖက်ကတော့ ဒဏ်ရာ ရခဲ့တဲ့ အသင်းခေါင်းဆောင် အီဒင် ဟာဇတ် အစား ဆယ်ကျော်သက် လူငယ်လေး ဂျရေမီ ဒိုကူနဲ့ အစားထိုး အသုံးပြုခဲ့ရပါတယ် ။ ဒါ့အပြင် အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်း ဟာလည်း ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်ပဲ ကစားခဲ့ရကြောင်း သိရပါတယ် ။
ဒီဘရိုင်း ဟာ ပေါ်တူဂီ ကို ၁ – ၀ နဲ့ အနိုင်ရခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပွဲအတွင်း ရရှိခဲ့တဲ့ အရွတ် ဒဏ်ရာကြောင့် အခုအချိန်မှာ အပြည့်အဝ ပြန်ကောင်းသေးခြင်း မရှိပဲ ၊ မန်ချက်စတာမှာ ဆေးစစ်မှု ထပ်မံ ခံယူရဦးမှာ ဖြစ်ပါတယ် ။
ပွဲအပြီး အင်တာဗျူးမှာတော့ ဒီဘရိုင်း က မနေ့ညက ပွဲကို ဒဏ်ရာ တဖက်နဲ့ ကစားခွင့်ရခဲ့ခြင်းဟာ ဒဏ္ဍာရီ ဆန်ခဲ့ကြောင်း ဝန်ခံရင်း ၊ အီတလီကို အရေးနိမ့်ခဲ့ခြင်း အတွက် ဘယ်လ်ဂျီယမ်သား တယောက် အနေနဲ့ ဘာမှမလုပ်ပေးနိုင်ခဲ့ခြင်း အပေါ် စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ် ။
ဒီဘရိုင်း က ” ကျွန်တော့ အတွက်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၄ ၊ ၅ပတ်ဟာ ထူးဆန်းတဲ့ ကာလ အပိုင်းအခြားတွေ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် အခုလို ကစားခွင့် ရအောင် ကြိုးစားပေးခဲ့တဲ့ အသင်းရဲ့ ဆေးအဖွဲ့ အပေါ် ကျွန်တော် ကျေးဇူးတင်လိုပါတယ် ။ ”
” ဒီနေ့ပွဲမှာ ကစားခွင့် ရခဲ့တာဟာ ဒဏ္ဍာရီသဖွယ်ပါပဲ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့ရဲ့ ခြေကျင်းဝတ် အရွတ်မှာ သေချာပေါက် ဒဏ်ရာ ရနေခဲ့လို့ပါပဲ ။ အရွတ်စုတ်တဲ့ ဒဏ်ရာ အမျိုးအစား ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲ အတွက် ကိုယ့်နိုင်ငံ အသင်းဖက်က ကိုယ်စားပြု ကစားသမား တယောက် အနေနဲ့ တာဝန် အပြည့်အဝ ရှိခဲ့တယ်လို့ ခံစားရပါတယ် ။ ”
” ဒီထက် ပိုပြီး မလုပ်ပေးနိုင်ခဲ့လို့လည်း အတော်လေး စိတ်မကောင်း ဖြစ်ခဲမိပါတယ် ။ ဒီနေ့ပွဲကို အနိုင်ရဖို့ ကျွန်တော်တို့ဖက်က တတ်နိုင်သလောက် အရာရာ အားထုတ် ကြိုးပမ်းခဲပါတယ် ။ ပြိုင်ဖက်ရဲ့ ဒုတိယ ဦးဆောင်ဂိုး က အံ့သြဖွယ် ကောင်းခဲ့ပေမယ့် ၊ ပထမဂိုးမှာတော့ ကျွန်တော်တို့ဖက်က အမှား လုပ်ခဲ့တာနဲ့ အများကြီး သက်ဆိုင်ခဲ့ပါတယ် ။ ”
” ပွဲချိန် အတွင်းမှာလည်း သူတို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့သလို ၊ ပွဲကလည်း ကျွန်တော်တို့ ထင်သလို ဖြစ်မလာခဲ့ပါဘူး ။ ဒီလို ပြိုင်ပွဲမျိုးကနေ ထွက်ခွာရတာဟာ ဘယ်အချိန်ပဲ ဖြစ်ဖြစ် စိတ်ပျက်စရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဘယ်လ်ဂျီယမ် ဂိုးသမား သီဘောက် ကော်တွိုက်စ် ကလည်း အရှုံး ရလဒ် အတွက် စိတ်ပျက်မိပေမယ့် ၊ ပြိုင်ဖက် အီတလီတို့ ဆီမီးဖိုင်နယ် တက်ဖို့ ထိုက်တန်ခဲ့ကြောင်းကို ” ဒီ ရှုံးပွဲဟာ ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်စေခဲ့ပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲဟာ ခက်ခဲမယ် ဆိုတာ ကျွန်တော်တို့ ပွဲမစခင်ကတည်းက သိထားပြီးသားပါ ။ ”
” အဖွင့်ဂိုးမတိုင်မီ ကျွန်တော်တို့ဖက်က အပိုင် ခြိမ်းခြောက်မှု ၂ကြိမ်လောက် ရှိခဲ့ပေမယ့် ၊ ပြိုင်ဖက် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ် ။ နောက်ပြီး အဖွင့်ဂိုးကို ကျွန်တော်တို့ဖက်က လွယ်လွယ်ကူကူနဲ့ ခွင့်ပြုပေးခဲ့ရတာပါ ။ ပွဲက အဖြေ တမျိုး ဖြစ်သွားနိုင်ပေမယ့် ၊ အီတလီ ဟာ ဒီနေ့ပွဲကို အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။