ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့ခ်သည် အသင်းအားပေးသူပရိသတ်များအား ဂျာမန်ကွင်းလယ်လူ အိုဇေးလ်၏ လစာငွေအတွက် အလှူငွေထည့်ဝင်ကြရန် တောင်းဆိုခဲ့ ကြောင်းသိရှိရသည်။
အာဆင်နယ်အသင်းတွင် တစ်နှစ်လစာငွေ ပေါင်(၁၈)သန်းခန့်ရရှိခဲ့သော အိုဇေးလ်ကို ဖီနာဘာချီအသင်းက တစ်နှစ်လစာငွေ ပေါင် (၃.၅) သန်းခန့် ပေးချေရမည်ဖြစ်သည်။
သို့သော် အသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ ဆိုးရွားနေခြင်းကြောင့် ယင်းလစာငွေအားပေးချေရန် အခက်တွေ့နေကြောင်း သိရှိရသည်။
ဖီနာဘာချီအသင်းသည် လက်ရှိတွင် အကြွေး ပေါင်သန်း(၄၆၀)ခန့် တင်နေသည့် အသင်းဖြစ်ပြီး အိုဇေးလ်အတွက် ငွေကြေးများစွာမသုံးစွဲနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်။
သို့ဖြစ်ရာ အသင်းအားပေးသူပရိသတ်များအနေဖြင့် ၎င်းတို့၏ ဖုန်းမက်ဆေ့ချ်များမှတစ်ဆင့် တစ်ဦးချင်းစီ အလှူငွေများထည့်ဝင်ပေးကြရန် အလီကော့ခ်က တောင်းဆိုခဲ့ခြင်းဖြစ် သည်။
အလီကော့ခ်က ”ကျွန်တော်တို့ ပရိသတ်တွေကို တောင်းဆိုစရာရှိပါတယ်။ ကျွန်တော်တို့ကို အားပေးကူညီကြပါ။ ကျွန်တော်တို့အသင်းအနေနဲ့ ပရိသတ်တွေရဲ့ ဘဏ္ဍာရေးထောက် ပံ့မှုကို လိုအပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ပရိသတ်တစ်ဦးလျှင် (၂)ပေါင်နှုန်းဖြင့် ပရိသတ်သိန်းသန်းချီပြီး အလှူငွေပေးပို့ကြလျှင် အိုဇေးလ်၏လစာငွေအတွက် အဆင်ပြေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။