စပါးအသင်းရဲ့တည်ငြိမ်မှု၊ ဆွန်ဟောင်မင် – ဟာရီကိန်းအတွဲအဖက်၊ မော်ရင်ဟိုရဲ့ဒုတိယရာသီစတဲ့အကြောင်းအချက်များစွာနဲ့ အဖြူရောင်လန်ဒန်သားတွေရဲ့ ချန်ပီယံအိပ်မက်တွေဟာ ပုံပြင်တွေမဟုတ်တော့တာသေချာပါတယ်။ လက်ရှိအချိန်အထိ မော်ရင်ဟိုက သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မယုတ်မလွန်စကားကိုသာဆိုနေခဲ့ပေမယ့် ဘောလုံးကျွမ်းကျင်သူတွေကတော့ စပါးကိုချန်ပီယံလောင်းစာရင်းထဲ ထည့်သွင်းသင့်ပြီးဆိုပြီး ချီးကျူးနေကြပါတယ်။
ဒီနေ့ပွဲမှာလည်း မော်ရင်ဟိုဟာ အစဉ်အလာပြိုင်ဘက်လည်းဖြစ်၊ ဒီရာသီချန်ပီယံပြိုင်ဘက်လည်းဖြစ်လာနိုင်တဲ့ ဂွါဒီယိုလာနဲ့ မန်စီးတီးကို အိမ်ကွင်းမှာပဲ (၂-ဝ)ဂိုးနဲ့အနိုင်ယူပြီး သူတို့ရဲ့ယုံကြည်မှုတွေကိုရှေ့ဆက်နိုင်ခဲ့ပါတယ်။
ဒီရာသီအဖွင့်ပွဲမှာ အဲဗာတန်အသင်းကိုရှုံးပြီးကတည်းက ပရီးမီးယားလိဂ်နောက်ဆုံး (၈)ပွဲဆက်ရှုံးပွဲမရှိဘဲ (၄)ပွဲဆက်အနိုင်ရခဲ့တဲ့ စပါးရဲ့စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုက အသိအမှတ်ပြုချင်စရာပါပဲ။
ဆုဖလားတွေလိုအပ်နေတဲ့အသင်းနဲ့ ဆုဖလားတွေနဲ့ရင်းရင်းနှီးနှီးရှိတဲ့နည်းပြတို့ပေါင်းစည်းမှုက စပါးအသင်းရဲ့ခေတ်တစ်ခေတ်လားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။
တိုက်စစ်ပိုင်းအားနည်းမှုတွေ၊ ခံစစ်ပိုင်းမတည်ငြိမ်မှုတွေကြောင့် ဝေဖန်မှုတွေ၊ ဖိအားတွေခံနေရတဲ့ မန်စီးတီးအသင်းကတော့ ဒီနေ့ပွဲမှာလည်း ခံစစ်က ဂိုးတွေပေးခဲ့ရသလို၊ တိုက်စစ်ကဂိုးမရခဲ့လို့ ပိုပြီးပြောစရာဖြစ်ခဲ့ပါတယ်။
နည်းပြဂွါဒီယိုလာအနေနဲ့လည်း အသင်းနဲ့စာချုပ်သက်တမ်းတိုးပြီး ရက်ပိုင်းအကြာမှာပဲ စိတ်ပျက်ရှုံးပွဲကိုရင်ဆိုင်ခဲ့ရလို့ ဖိအားဝင်နေမှာသေချာပါတယ်။
မန်စီးတီးအသင်းဟာ ပြိုင်ဘက်ကိုတိုက်စစ်ဆင်နိုင်ပေမယ့် အဆုံးသတ်အားနည်းချက်က သိသိသာသာကြီးမားခဲ့သလို၊ နည်းပြဂွါဒီယိုလာလက်ထက်မှာ အဆိုးရွားဆုံးတိုက်စစ်ကစားပုံလို့ပဲ သတ်မှတ်ရပါမယ်။ မန်စီးတီးရဲ့ ကစားကွက်ပုံဖော်မှုက ပြိုင်ဘက်ခံစစ်တည်ငြိမ်တာနဲ့အမျှ မထိရောက်ခဲ့သလို၊ တန်ပြန်တိုက်စစ်တွေကလည်း ဖိအားမပေးနိုင်ခဲ့လို့ တဖြည်းဖြည်းနဲ့ အသင်းရဲ့တိုက်စစ်ဟာကွက်က ကြီးမားလာပါတယ်။
ဆွန်ဟောင်မင်၊ ဟာရီကိန်း၊ ဘာ့ချ်ဝင်း၊ အန်ဒွန်ဘီလီတို့နဲ့ စပါးအသင်းရဲ့တိုက်စစ်အတွဲအဖက်က တစ်ပွဲလုံးစိတ်လှုပ်ရှားစရာအပြည့်ပေးနိုင်ခဲ့ပြီး၊ ရူဘင်ဒီယက်ဇ်၊ လာပေါ့တ်၊ ဝေါ်လ်ကာ၊ ကန်ဆယ်လိုတို့နဲ့ မန်စီးတီးခံစစ်ကို ထောင့်ပေါင်းစုံကထိုးနှက်ခဲ့တာပါ။
ပွဲစကတည်းက စပါးအသင်းကစားကွက်စီးနိုင်ခဲ့ပြီး ပွဲချိန် (၅)မိနစ်မှာပဲ အန်ဒွန်ဘီလီရဲ့ အကွက်မြင်မြင်ပေးပို့မှုကနေ ဆွန်ဟောင်မင်က အမှားအယွင်းမရှိအကောင်းဆုံး အဆုံးသတ်ကာ စပါးအသင်းအတွက် အဖွင့်ဂိုးဖြစ်စေခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ မန်စီးတီးချေပဂိုးအတွက်ကြိုးစားလာခဲ့သလို၊ စပါးအသင်းကလည်း နောက်ထပ်ဂိုးတွေရဖို့ ခပ်ရဲရဲတုံ့ပြန်ခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် နောက်ခံလူ လာပေါ့တ်ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် ဂျေးဇူးလက်နဲ့ထိခဲ့လို့ ငြင်းပယ်ခံခဲ့ရသလို၊ ရရှိခဲ့တဲ့အခွင့်အရေးတွေကိုလည်း မာရက်ဇ်၊ ဖယ်ရန်တောရက်စ်၊ ဂျေးဇူးတို့အသုံးမချနိုင်ခဲ့ပါဘူး။
စပါးအသင်းကပဲတည်ငြိမ်မှုအပြည့်နဲ့ ထိန်းချုပ်ကစားသွားခဲ့ပြီး ပထမပိုင်းမှာ (၁-ဝ)ဂိုးနဲ့ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကစားပုံပိုကောင်းလာတယ်လို့ထင်ရပေမယ့် စပါးအသင်းရဲ့ထောင့်စေ့တဲ့ကစားပုံက မန်စီးတီးအသင်းကို တောက်လျှောက်အခက်တွေ့စေခဲ့တာပါ။
မန်စီးတီးအသင်းချေပဂိုးရဖို့ ပြင်းပြင်းထန်ထန်အားထုတ်ခဲ့ပေမယ့် တကယ်တမ်းနောက်ထပ်ဂိုးရခဲ့တာက စပါးအသင်းပါ။
စပါးအသင်းအတွက်ဒုတိယဂိုးကို ဟာရီကိန်းရဲ့ပေးပို့မှုကနေ ဆယ်လ်ဆိုက လူစားဝင်ပြီး စက္ကန့်ပိုင်းအကြာမှာပဲ သွင်းယူပေးခဲ့တာပါ။ (၂-ဝ)ဂိုးဖြစ်သွားတဲ့အချိန်မှာ စပါးအသင်းက ပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီး မန်စီးတီးအသင်းကတော့ ချေပဂိုးအတွက် စတာလင်၊ ဖိုဒန်တို့ကိုထည့်ကာ အပြောင်းအလဲတွေနဲ့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့လည်း မော်ရင်ဟိုရဲ့စပါးအသင်းကပဲ ဘောလုံးကိုစိတ်ကြိုက်ကိုင်ကစားပြီး အနိုင်ရလဒ်တွေကို ထိန်းသွားခဲ့လို့ (၂-ဝ)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာအတွက်ကတော့ တစ်ကျော့ပြန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်နေတယ်ဆိုရင် ဒီထက်ပိုမိုကောင်းမွန်တဲ့ တည်ငြိမ်မှုတစ်ခုကို အမြန်ဆုံးရှာဖွေဖို့လိုအပ်သလို အဂွဲရိုး၊ ဂျေးဇူးတို့ ဒဏ်ရာပြဿနာတွေ၊ ပုံမှန်ခြေစွမ်းပျောက်ဆုံးမှုတွေနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းအတွက် အမြန်ဆုံးအဖြေရှာဖို့လိုအပ်ပြီလို့ဆိုရပါမယ်။
ဒီအနိုင်ရလဒ်ကြောင့် စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉) စနေညအပြီးမှာပဲ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။