ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အဓိကစောင့်ကြည့်ခဲ့ရတာက All English Final ဖြစ်အောင် အာဆင်နယ်အသင်း စွမ်းဆောင်သွားနိုင်မလားဆိုတာဖြစ်ပြီး လက်တွေ့မှာတော့ အိမ်ကွင်းမှာ ဂိုးပေါက်ပျောက်ပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မန်ယူအသင်းကလည်း ရောမမြေမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ ဗိုလ်လုပွဲကို မန်ယူနဲ့ ဗီလာရီးယဲလ်တို့ တက်ရောက်နိုင်ခဲ့ကြပြီး မေ(၂၆)မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ် . . .
လိုအပ်ချက်တွေရှိခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ဝ-၀ ဗီလာရီးယဲလ်
(နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် ဗီလာရီးယဲလ် ဗိုလ်လုပွဲတက်)
အာတီတာရဲ့ အာဆင်နယ်က လိုအပ်ချက်တွေရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ (၄-၁-၄-၁)ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်အသင်းက ဆာကာ၊ အော်ဒီဂွါ၊ စမစ်ရိုးတို့လို လူငယ်တွေကြောင့် ကစားအားကောင်းခဲ့ပေမဲ့ ရင့်ကျက်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းပွဲချိန်တွေကို ပြောရမှာဖြစ်ပြီး အခွင့်အရေးဖန်တီးမှုတွေလည်း နည်းပါးခဲ့တယ်။
အူဘာမီယန်းရဲ့ ကန်ချက်နဲ့ ခေါင်းတိုက်ချက် နှစ်လုံးစလုံးတိုင်ထိခဲ့တယ်ဆိုပေမဲ့ အာဆင်နယ်ရဲ့ တိုက်စစ်ကစားပုံက သပ်ရပ်မှုမရှိဘူးလို့ပဲ ဆိုရမယ်။ မြန်နှုန်းမြင့်ကစားနိုင်ပေမဲ့ ပြိုင်ဘက်ကိုတိုက်စစ်ဆင်ရာမှာ အရမ်းအပျက်များလွန်းတယ်။ ဂိုးရလိုချင်စိတ်များနေတာကြောင့်လည်း ပါပါတယ်။ အူနိုင်းအမ်မရီရဲ့ ဗီလာရီးယဲလ်ကတော့ အာဆင်နယ်ကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တယ်။
ခံစစ်ကို အမှားအယွင်းမရှိအောင်စနစ်တကျကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကလည်း အာဆင်နယ်အသင်းကို အတိုင်းအတာတစ်ခုအထိ ဖိအားပေးနိုင်ခဲ့တယ်။ ဒါကြောင့်လည်း အူနိုင်းအမ်မရီအနေနဲ့ နည်းပြဘ၀ ယူရိုပါလိဂ်ဗိုလ်လုပွဲကို (၅) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ရှုံးကြွေးပြန်ဆပ်
ရိုးမား ၃-၂ မန်ယူ
(နှစ်ကျော့ပေါင်း ၈-၅ ဂိုးဖြင့် မန်ယူ ဗိုလ်လုပွဲတက်)
ရိုးမားအသင်းက ရောမမြေမှာ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပေမဲ့ ပထမအကျော့ရလဒ်ကိုတော့ မချေဖျက်နိုင်ခဲ့ပါဘူး။ အံ့အားသင့်စရာကောင်းတာက ဂိုးပြတ်နိုင်ထားပြီးသားဖြစ်တဲ့ မန်ယူအသင်းက အင်အားအပြည့်နဲ့ ပွဲထွက်လာခဲ့တာပါ။ နည်းပြ ဆိုးလ်ရှားက ပုံစံကောင်းရနေတဲ့ အသင်းရဲ့အရှိန်ပျက်မသွားအောင် ရည်ရွယ်ပုံရပေမဲ့ သိပ်အားစိုက်မကစားဘဲ ထိန်းကစားခဲ့တာ တွေ့ရပါတယ်။
ရိုးမားကတော့ တိုက်စစ်ဦးစားပေးကစားခဲ့ပြီး ဂျက်ကိုနဲ့ မစ်ခီတာရီယန်တို့ရဲ့ တွဲဖက်ကစားပုံ ကောင်းမွန်ခဲ့ပေမဲ့ မစ်ခီတာရီယန်က အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ မန်ယူအသင်းက (၃၉)မိနစ်မှာ ကာဗာနီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကစားအား ပိုမြှင့်လာတဲ့ ရိုးမားအသင်း အခွင့်အရေးတွေ ဆက်တိုက်ရရှိခဲ့ပြီး (၅၇)မိနစ်မှာ ဂျက်ကိုနဲ့ မိနစ်(၆၀)မှာ ခရစ္စတန်တေတို့က နှစ်ဂိုးပြန်သွင်းခဲ့ပါတယ်။
အဲဒီအချိန်အပိုင်းအခြားမှာ ရိုးမားအသင်း နောက်ထပ်ဂိုးရနိုင်ခြေရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ဘဲ (၆၈)မိနစ်မှာ ကာဗာနီက တစ်ဂိုးပြန်သွင်းခဲ့ပါတယ်။ ရိုးမားရဲ့ အနိုင်ဂိုးကိုတော့ (၈၃)မိနစ်မှာ ဇာလေစကီးက သွင်းယူခဲ့တာပါ။