နိုဝင်ဘာလ ၂၇ ရက်က ယှဉ်ပြိုင်ကစား ခဲ့သော အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (F) ပွဲစဉ်ဖြစ်သည့် အယ်လ်နာဆာ-ပါဆီပိုလစ် ပွဲတွင် ပယ်နယ်တီပေးသည့်ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် ကွင်းလယ်ဒိုင်လူကြီးဖြစ်သူထံ တောင်းဆိုခဲ့သည့် အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒို၏လုပ်ရပ်အပေါ် ချီးကျူးများစွာရှိနေကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ပွဲအစ နှစ်မိနစ်တွင် ဂိုးသွင်းရန် ကြိုးပမ်းချိန်တွင် အီရန်ကလပ်မှ ကစားသမားတစ်ဦးက ဘောလုံးဖျက်ထုတ်မှု၌ လဲကျသွားသဖြင့် တရုတ်ဒိုင်လူကြီးဖြစ်သူ မာနင်းက ပယ်နယ်တီအဖြစ် ချက်ချင်းသတ် မှတ်ခဲ့သည်။ ယင်းပွဲတွင် မာနေ ညာတောင်ပံမှပေးပို့သည့်ဘောလုံးကို စီရော်နယ်လ်ဒို ပထမဆုံးကန်သွင်းမှုမှာ ပြိုင်ဘက်နောက်တန်း၏ တားဆီးခြင်းခံခဲ့ရကာ ဒုတိယအကြိမ် အခွင့်အရေးရချိန်၌ ဂိုးသွင်းရန် ကြိုးပမ်းရာတွင် ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် လဲကျနေရာမှ ချက်ချင်းထခဲ့ပြီး ဒိုင်လူကြီးဖြစ်သူအား ပယ်နယ်တီဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် ချက်ချင်းတောင်းဆိုခဲ့သည်။ ဒိုင်လူကြီးဖြစ်သူက ကွင်းဘေးရှိ မော်နီတာကို သွားရောက်ကြည့်ရှုပြီးနောက် ပယ်နယ်တီပေးထားမှုကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ရုပ်သံအနှေးပြကွက်တွင်လည်း ပါဆီပိုလစ်ကစားသမား ရာဖီအီ၏ ဘောလုံးဖျက်ထုတ်မှုသည် စီရော်နယ်လ်ဒိုနှင့် ထိမိခဲ့ခြင်းမရှိကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် သွင်းဂိုးဆာလောင်မှု လွန်ကဲပြီး ပယ်နယ်တီဧရိယာအတွင်း အငြင်းပွားဖွယ် အပြုအမူများ ရှိခဲ့ဖူးသူလည်းဖြစ်သည်။ ၎င်းအနေဖြင့် ယခုကဲ့သို့ ပယ်နယ်တီ ပယ်ဖျက်ပေးရန် တောင်းဆိုသည့်အဖြစ်အပျက်မှာ ယခင်ကမရှိခဲ့ဖူးကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရော်နယ်လ်ဒို၏ပရိသတ်အချို့ကမူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီအနေဖြင့် ယခုကဲ့သို့ဖြစ်ရပ်နှင့် ကြုံတွေ့လျှင် ပယ်ဖျက်ရေးရန် တောင်းဆိုလိမ့်မည်မဟုတ်ကြောင်း လူမှုကွန်ရက်တွင် လှောင်ပြောင်ရေးသားမှုများလည်း ရှိခဲ့သည်။ သို့သော် ယခင်က ပယ်နယ်တီဟန်ဆောင် ရယူခဲ့ဖူးသော အဖြစ်အပျက်များလည်းရှိခဲ့ သည့် စီရော်နယ်လ်ဒိုအပေါ် ဝေဖန်သူအချို့လည်း ရှိခဲ့သည်။
အယ်လ်နာဆာအသင်းသည် ယင်းပွဲကို အိမ်ကွင်းတွင် ကစားရသော်လည်း ပါဆီပိုလစ်နှင့် ဂိုးမရှိသရေကျခဲ့ပြီး စီရော်နယ်လ်ဒို၏ ပယ်နယ်တီငြင်းပယ်မှုမှာ ပိုပြီးဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ ထို့ပြင် အယ်လ်နာဆာကစားသမားဖြစ်သူ လာဂျာမီမှာ ပွဲချိန် ၁၇ မိနစ်ကတည်းက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် မိနစ် ၈၀ ဝန်းကျင်ကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ အယ်လ်နာဆာအသင်းသည် ယင်းပွဲသရေကျသော်လည်း ငါးပွဲကစား ၁၃ မှတ်ဖြင့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်တက်ရောက်ရန် သေချာစေခဲ့သည်။