ချဲလ်ဆီး အသင်း ကစားသမားဟောင်း ဂျိုကိုးလ် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ သူတို့ရဲ့ ဝိတ်တန်း နဲ့ မမျှတဲ့ နေရာမှာ တက်ထိုး နေသလို ဖြစ်ကြောင်း ပြောကြား လိုက်ပြီး ဒီတစ်ပတ်ပွဲမှာတော့ အာဆင်နယ် ဘက်က ရှိနေမယ်လို့ ဆိုပါတယ် ။
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်း နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့ဆုံ နေကြပြီး ဒီနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ် ။
လက်ရှိ အချိန်မှာ မန်ယူနိုက်တက် အသင်းဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ် ကတော့ အဆင့် ၉ ရောက်နေကာ ရမှတ် ၁၀ မှတ် ကွာဟ နေပါတယ် ။ ပထမအကျော့ အိုးထရက်ဖိုဒ့်မှာတုန်းကတော့ အာဆင်နယ် အသင်းဟာ တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင် ရခဲ့ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ရှက်ဖီး ယူနိုက်တက် အသင်းကို အံ့ဖွယ် ရှုံးနိမ့် ခဲ့ပြီး အာဆင်နယ် အသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ၆ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစား ထားနိုင်ပါတယ် ။
ချဲလ်ဆီး နဲ့ အင်္ဂလန် ကစားသမားဟောင်း ဂျိုကိုးလ် က Joe . co . UK မှာ အာဆင်နယ် နဲ့ မန်ယူနိုက်တက် ပွဲအပေါ် ” ကျွန်တော် ကတော့ အာဆင်နယ် ဘက်ကပဲ ရှိနေပါမယ် ။ ယူနိုက်တက်မှာ အိုလီ လုပ်ပြထားတဲ့ အရာတွေကို သဘောကျပါတယ် ၊ သူ ကောင်းကောင်း လုပ်ဆောင် ထားနိုင်တယ်လို့လည်း ထင်ပါတယ် ။ ”
” ဒါပေမယ့် သူတို့က သူတို့ရဲ့ ဝိတ်တန်း ထက် အနည်းပိုတဲ့ နေရာကို ရောက်ပြီး ယှဉ်ပြိုင် ကစားနေရသလို ဖြစ်နေပါတယ် ။ ဒီလိုပွဲမျိုးက အာဆင်နယ် နဲ့ ပိုကိုက်ညီမှု ရှိပါတယ် ၊ အနည်းငယ် ဖွင့်ကစားကြမယ့် ပွဲ ဖြစ်တာကြောင့် ကျွန်တော်ကတော့ အာဆင်နယ် ဘက် က ပါပဲ ။ ယူနိုက်တက် အနိုင်ရလိမ့်မယ်လို့ မထင်မိပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။
မန်ယူနိုက်တက် နဲ့ ပွဲမှာ အာဆင်နယ် အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ပါဝင် နိုင်မှာ မဟုတ်ပေမယ့် သောမက်စ် ပါတေး ၊ စမစ်ရို ၊ ကီရန် တီယာနေး တို့တော့ ပြန်လည် ပါဝင် လာဖို့ ရှိပါတယ် ။
မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အခု လက်တစ်လော ရလဒ် ကောင်းနေတဲ့ အာဆင်နယ် အသင်းကို ခုလို ချီးကျူး ထားပါတယ် ။ ” သူတို့က နောက်ပိုင်းပွဲစဉ်တွေမှာ အထင်ကြီးစရာ ကောင်းလောက်အောင် ကစားထားနိုင်ပြီး အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပါတယ် ။ချဲလ်ဆီး နဲ့ ပွဲ နောက်ပိုင်းကတည်းက သူတို့ တောက်လျှောက် ရလဒ်ကောင်းတွေ ရနေတာပါ ။ ” လို့ ဆိုပါတယ် ။