အာဆင်နယ် အသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီးနောက် ဆွစ်ဇာလန် အသင်း ခေါင်းဆောင် ဂရန်းနစ် ရှာကာ ဟာ လေဗာကူဆင် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ် ။ ရှာကာ ဟာ အာဆင်နယ် ကနေ လေဗာကူဆင် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၁.၅ သန်း ၊ ၅ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့တာပါ ။
ရှာကာ အာဆင်နယ် ကနေ ထွက်ခွာ ခဲ့တာဟာ ဇနီး ဖြစ်သူ အင်္ဂလန်မှာ မပျော်ရွှင်တာကြောင့် ဖြစ်တယ်လို့ ကောလဟလ သတင်းတွေ ထွက်နေခဲ့ပြီး ရှာကာကတော့ အဆိုပါ သတင်းတွေဟာ လုံးဝ မဟုတ်မှန်ကြောင်း ဖြေရှင်း လာခဲ့ပါတယ် ။
ရှာကာ ဟာ အရင်တုန်းကလည်း ဂျာမနီ ကလပ် မိုချန်ဂလာဘတ် မှာ ကစားခဲ့ဖူးပြီး လေဗာကူဆင် အသင်းကို ပြောင်းရွှေ့ခဲ့မှု ဟာ ဂျာမနီမြေကို ဒုတိယအကြိမ်မြောက် ပြန်လည် ခြေချခြင်းလည်း ဖြစ်ပါတယ် ။ ရှာကာ က လေဗာကူဆင် ကို ပြောင်းရွှေ့တာဟာ မိသားစုကြောင့်ထက် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တာကြောင့်သာ ဖြစ်ကြောင်း ဖြေရှင်း သွားခဲ့ပါတယ် ။

” ကျနော့် ဇနီး က အင်္ဂလန်မှာ လုံးဝ မပျော်တော့လို့ ကျနော် အသင်း ပြောင်းတယ်ဆိုပြီး သတင်းတွေ နေရာတိုင်းမှာ တွေ့နေရပါတယ် ။ ဒါတွေ အားလုံး လုံးဝ မမှန်ပါဘူး ၊ လူသား တစ်ယောက် အနေနဲ့ ကျနော် ကိုယ်တိုင်လည်း စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တာကြောင့်ပါ ။ ”
” ၇ နှစ် ကြာပြီးတဲ့ အချိန်မှာ အသစ် အသစ်တွေကို ရင်ဆိုင်ဖို့ အချိန် ကျရောက် လာခဲ့ပြီလို့ ကျနော် ယုံကြည်ပါတယ် ။ လိဂ် ကတော့ ကျနော် နဲ့ မစိမ်းပေမယ့် ကလပ် ကတော့ အသစ်ပေါ့ဗျာ ၊ လေဗာကူဆင်ရဲ့ ဒါရိုက်တာ ၊ နည်းပြတို့နဲ့ ဆွေးနွေး စကားပြောအပြီးမှာ အသင်းရဲ့ ရေရှည် အစီအစဉ် ကို သဘောကျသွားခဲ့ပြီး ကျနော်နဲ့လည်း ရာနှုန်းပြည့် ကိုက်ညီတယ်လို့ ခံစား ခဲ့ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
