အာဆင်နယ်အသင်း၏နည်းပြ အာတီတာက နွေရာသီ အပြောင်းအရွှေ့လှုပ်ရှားမှုများ မပြီးဆုံးသေးဟု ပြောကြားခဲ့ သည်။
အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် ကစားသမားသစ်(၅)ဦးခေါ်ယူခြင်းအတွက် ပေါင်သန်း(၁၀၀)ကျော် သုံးစွဲထားပြီး ပရီးမီးယားလိဂ်အသင်းများထဲတွင် ငွေကြေးသုံးစွဲမှုအများဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။
သို့သော် အာတီတာက အပြောင်းအရွှေ့စျေးကွက်မပိတ်သေးသဖြင့် မိမိတို့အနေဖြင့် ကစားသမားသစ်များ ခေါ်ယူရန် ဆက်လက်လှုပ်ရှားနေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာတီတာက “ဝင်လာမယ့် ကစားသမားတွေကိုရော၊ ထွက်သွားမယ့် ကစားသမားတွေကိုပါ ခင်ဗျားတို့ မြင်တွေ့နိုင်ပါသေးတယ်။ အပြောင်းအရွှေ့စျေးကွက်ကလည်း ဖွင့်လှစ်ထားဆဲဖြစ်တာကြောင့် အများကြီးဖြစ်ပျက်နိုင်ပါသေးတယ်။ ကျွန်တော်တို့ လှုပ်ရှားနေဆဲပါပဲ”ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိတွင် လက်စတာကွင်းလယ်လူ တီလေမန့်စ်၊ PSV တောင်ပံကစားသမား ဂတ်ခ်ပို၊ လိုင်ယွန်ကွင်းလယ်ကစားသမား ပါကေတာတို့အား ချိတ်ဆက်နေကြောင်း သိရသည်။
ထို့ပြင် တစ်ဖက်ကလည်း အာဆင်နယ်အသင်းသည် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ပေပေ၊ ပါဘလိုမာရီအပါအဝင် အသင်းကစားသမား (၁၀) ဦးခန့်ကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိသည်။