လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ယနေ့ကစားမည့် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ မိမိတို့အသင်းအတွက် အလွန်ခက်ခဲသည့်ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့သည် ယခုရာသီတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အပြိုင်လုရန် တိုက်ပွဲဝင်နေကြသည့်အသင်းများဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးတွင် အာဆင်နယ်အသင်းက ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး လီဗာပူးလ်အသင်းကလည်း ရမှတ် ၃၈ မှတ်ဖြင့် အာဆင်နယ်အသင်းကို တစ်မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိနေသည်။
ယနေ့ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး လီဗာပူးလ်အသင်း၏ နာမည်ကျော်အိမ်ကွင်းဖြစ်သည့် အန်ဖီးလ်ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲမှာ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် မိမိတို့အသင်းအတွက် အလွန်ခက်ခဲသည့်ပွဲစဉ်တစ်ပွဲဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗန်ဒိုက်က “အာဆင်နယ်နဲ့ ကစားမယ့်ပွဲဟာ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ အာဆင်နယ်အသင်းဟာ အခုအချိန်မှာ အကောင်းဆုံးပုံစံမှာ ရှိနေတာကြောင့် ကျွန်တော်တို့အတွက် အခက်ခဲဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ အာဆင်နယ်အသင်းဟာ အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး ဘယ်နေရာမှ အပြစ်ပြောစရာမရှိပါဘူး။ အခုအချိန်မှာ သူတို့အသင်းရဲ့ခြေစွမ်းက အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆင်နယ်အသင်းကို အနိုင်ရချင်ရင် အရမ်းကောင်းမှပဲ အဆင်ပြေမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဗန်ဒိုက်က မိမိအနေဖြင့် အာဆင်နယ်အသင်းအပေါ် လေးစားမှုအပြည့်ရှိသော်လည်း အိမ်ကွင်းတွင် ၎င်းတို့ကို အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့အသင်းကလည်း ဒီရာသီမှာ အကောင်းဆုံးကစားနေပြီး အသင်းရဲ့စွမ်းဆောင်မှုအပေါ် ကျွန်တော့် အနေနဲ့ ကျေနပ်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ခြေစွမ်းကို အခုထက်ပိုကောင်းအောင် အများကြီးကြိုးစားရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အာဆင်နယ်အသင်းကို ဒုက္ခပေးနိုင်စွမ်းအပြည့် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အာဆင်နယ် အသင်းအပေါ် လေးစားမှုရှိပါတယ်။ ဒါပေမဲ့ အန်ဖီးလ်မှာ ကစားမယ့်ပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရချင်ပါတယ်။ ဒါကြောင့် သူတို့ကို အနိုင်ရဖို့အတွက် ကျွန်တော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။