အာဆင်နယ်အသင်း၏ နည်းပြဟောင်း အာစင်ဝင်းဂါးသည် ဆွစ်ဇာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
အာစင်ဝင်းဂါး(၇၁ နှစ်)သည် ၂၀၁၈ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲခဲ့သော်လည်း နည်းပြဘဝမှ အနားယူကြောင်း ကြေညာခြင်းမပြုသေးပေ။
၎င်းသည် လက်ရှိအချိန်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြ ပက်ကိုဗစ် ရာထူးမှ နုတ်ထွက်သွားသည့်အတွက် အာစင်ဝင်းဂါးကို ကာလတိုစာချုပ်ဖြင့် ခန့်အပ်ရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပက်ကိုဗစ်သည် ဆွစ်ဇာလန်လက်ရွေးစင်အသင်းကို (၇) နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကို ပြောင်းရွှေ့သွားသည့်အတွက် ဆွစ်ဇာလန်လက်ရွေးစင်အသင်းမှာ နည်းပြလက်မဲ့ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများမတိုင်မီ အစားထိုးခန့်အပ်ရန် နည်းပြသစ်ရှာဖွေနေရာ အာစင်ဝင်းဂါးကိုလည်း ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာစင်ဝင်းဂါးသည် နည်းပြသက်တမ်းတစ်လျှောက် ကလပ်အသင်း(၄)သင်းကိုသာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ဖူးသူဖြစ်သည်။
ဂျပန်ကလပ် နာဂိုယာဂရမ်းပတ်စ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျပန်လက်ရွေးစင်နည်းပြအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးသော်လည်း အာဆင်နယ်အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုကြောင်း ဝန်ခံခဲ့ခြင်းလည်းဖြစ်သည်။
အာစင်ဝင်းဂါး မျှော်မှန်းခဲ့သည်မှာ ပြင်သစ်အသင်းကို ကိုင်တွယ်ခွင့်ရရန် ဖြစ်ကြောင်းလည်း နီးစပ်သူအချို့က သုံးသပ်ခဲ့သည်။
ယခုအခါ ဆွစ်ဇာလန်အသင်း က ၎င်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲကာလ၌ ကိုင်တွယ်ပေးရန် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။