အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားက ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို လက်ရွေးစင်အသင်းအတွက် အမြန်ဆုံးပြန်ကစားစေလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၃၀) နှစ်အရွယ်ရှိ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်တွင် ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း အာဂျင်တီးနားအသင်းအတွက် ပြန်လည်ကစားခြင်း မရှိသေးပေ။
ထို့ပြင် မက်ဆီက ၄င်းအနေဖြင့် အာဂျင်တီးနားအသင်းတွင် ဆက်ကစား၊ မကစားနှင့်ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းမရှိသေးဘဲ၊ ၄င်းကို အာဂျင်တီးနားပရိသတ်များနှင့် ဂန္ထဝင်ကစားသမားများက အသင်းတွင် ပြန်လည်ကစားရန် တောင်းဆိုမှုများ ရှိခဲ့သည်။
ဒီဘားလားက ” ကျွန်တော်တို့ကတော့ မက်ဆီကို အာဂျင်တီးနားအသင်းမှာ ပြန်လည်ကစားပေးဖို့ အလိုရှိပါတယ်။ သူက အသင်းအတွက် ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဒါက မက်ဆီရဲ့ရွေးချယ်ဆုံးဖြတ်ခွင့်ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှတော့ မတက်နိုင်ပါဘူး” ဟုပြောကြားခဲ့သည်။
မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် (၁၂၈) ပွဲတွင် (၆၅) ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတွင် ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် ရပ်တည်နေသလို၊ ပွဲအများဆုံးကစားသူစာရင်းတွင်လည်း အဆင့် (၃) နေရာ၌ ရပ်တည်လျက်ရှိကြောင်းသိရသည်။