ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
မာရာဒိုနာ၏ ရုပ်အလောင်းကို အာဂျင်တီးနားသမ္မတနန်းတော်တွင် ထားရှိကာ ပရိသတ်များအား နှုတ်ဆက်ဂုဏ်ပြုစေခဲ့ပြီး ၎င်းအား လာရောက်ဂါရဝပြုသူ အလွန်များပြားခဲ့သည်။
ထို့ကြောင့် ပရိသတ်များကို ထိန်းသိမ်းရန်ခက်ခဲသည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရသလို၊ ပရိသတ်အချို့ကို ဖမ်းဆီးထိန်းသိ်မ်းခဲ့ရကြောင်းလည်း သိရသည်။
မာရာဒိုနာ၏ ရုပ်အလောင်းကို ၎င်း၏မိဘများလဲလျောင်းရာ ဗျူနိုအေရိစ်မြို့ အပြင်ဖက်ရှိ ဘယ်လာဗစ်တာသင်္ချိုင်းတွင် နိုဝင်ဘာ (၂၆)ရက်က မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး ၎င်း၏မိသားစုနှင့် အလွန်ရင်းနှီးသည့် ဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မာရာဒိုနာသည် အသက် (၆၀)နှစ်အရွယ်တွင် နှလုံးရောဂါကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး အာဂျင်တီးနားသမ္မတက ၎င်း၏စျာပနကို နိုင်ငံတော်စျာပနာအဖြစ် သတ်မှတ်ခဲ့ကာ (၃) ရက်တိုင်တိုင် ဝမ်းနည်းမှုအထိမ်းအမှတ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
မာရာဒိုနာသည် ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့သလို စီးရီးအေကလပ် နာပိုလီအသင်းကိုလည်း စီးရီးအေချန်ပီယံ (၂)ကြိမ် ဆုဖလားများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၎င်း၏ ကွယ်လွန်မှုက ဘောလုံးလောကအတွက် ဝမ်းနည်းကြေကွဲစရာသတင်း ဖြစ်ခဲ့သည်။