အင်တာမီလန်ကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ကြွေးမြီ ပြဿနာများကို ကူညီရန်အတွက် စီးရီးအေချန်ပီယံဖြစ်ပါက ရရှိမည့်ဆုကြေးငွေများကို စွန့်လွှတ်ဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပ ဘောလုံးပွဲစဉ်များတွင် ပြီးခဲ့သည့် ၂၀၂၀ မတ်လ လယ်ပိုင်းက ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရခြင်းကြောင့် ဥရောပဘောလုံးအသင်းများမှာ ဝင်ငွေများလျော့ကျပြီး ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
အင်တာမီလန်အသင်းမှာလည်း ဘဏ္ဍာရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရပြီး အသင်း၏ကြွေးမြီမှာ ယူရိုသန်း (၆၃၀)နီးပါးရှိ နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ ယင်းကြွေးမြီပမာဏမှာ စီးရီးအေအသင်းများထဲ တွင် အများဆုံးဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ကြောင့် အင်တာမီလန်အသင်း၏ အဓိကရှယ်ယာရှင်ဖြစ်သည့် Sunning Holdings Group သည် အသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်း နိုင်ရန်အတွက် အသင်းအား ငွေကြေးထောက်ပံ့ပေးနိုင်မည့် ပါတနာများကို ရှာဖွေနေကြောင်း သိရှိရသည်။
Calciomercato.com နှင့် FCInter 1908 တို့၏ ဖော်ပြချက်အရ အင်တာမီလန်ကစားသမားများသည် အသင်း၏ ကြွေးမြီပြဿနာများကို ကူညီရန်အသင့်ရှိနေကြောင်း သိရှိရသည်။ အင်တာမီလန်အသင်းသည် ယခုရာသီတွင် စီးရီးအေချန်ပီယံဖြစ်ပါက အသင်းသားများကို ဆုကြေးများ ပေးအပ်သွားမည်ဟု ကတိပေးထားကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ သို့ သော် အသင်း၏ဘဏ္ဍာရေးကျပ်တည်းမှုနှင့် ကြွေးမြီပြဿနာများကြောင့် အင်တာမီလန်ကစားသမားများသည် ဆုကြေးများကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း Calciomercato.com က ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းသည် မနေ့က ကစားခဲ့သည့် ခရိုတိုနီနှင့်ပွဲတွင် အနိုင်ရရှိခဲ့ဖြင့် ယနေ့ညယှဉ်ပြိုင်ကစားမည့် ဆာဆူအိုလို – အတ္တလန်တာပွဲစဉ်တွင် အတ္တလန်တာအသင်း နိုင်ပွဲပျောက်ဆုံးခဲ့ပါက ရာသီမကုန်ဆုံးမီ (၄)ပွဲအလိုတွင် ယခုရာသီစီးရီးအေချန်ပီယံအဖြစ်မှတ်တမ်းဝင်မည်ဖြစ်သည်။