ဝက်စ်ဟမ်းအသင်းသည် အသင်း၌ (၁၈)နှစ်ကြာကစားခဲ့ပြီး ရာသီကုန်တွင် အနားယူတော့မည့် အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်ကို နောက်ဆုံးအိမ်ကွင်းပွဲ၌ နှုတ်ဆက်အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
မာ့ခ်နိုဘယ်(၃၅ နှစ်)သည် ဝက်စ်ဟမ်းအသင်းကြီးတွင် ၂၀၀၄ ခုနှစ်ကတည်းက စတင်ကစားခဲ့သူဖြစ်ပြီး (၁၈) ရာသီကြာမြင့်ခဲ့ပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မာ့ခ်နိုဘယ်သည် အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူထားဆဲဖြစ်သော်လည်း ယခုရာသီတွင် ပြိုင်ပွဲစုံ(၂၁)ပွဲသာ ကစားခဲ့ရပြီး မန်စီတီးနှင့် ယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်းနောက်ဆုံးပွဲတွင်လည်း အရန် ခုံ၌သာ ထိုင်ခဲ့ရသည်။
ဝက်စ်ဟမ်းအသင်း၏ ပွဲအများဆုံးကစားသမားစာရင်းတွင် အဆင့်(၆)နေရာရရှိခဲ့ပြီး Mr.West Ham ဟု အမည်ပေးခံရသည့် မာ့ခ်နိုဘယ်သည် ပွဲမစမီ ပရိသတ်များအား လက်ပြနှုတ်ဆက်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းကလည်း ၎င်း၏ကျောနံပါတ်ကို ရည်ညွှန်းကာ ပွဲချိန်(၁၆)မိနစ်တွင် Our Captain ဟူသည့်စာတန်းနှင့် နှုတ်ဆက်ခဲ့သည်။ ပရိသတ်များကလည်း စာတန်းအမျိုးမျိုးနှင့် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။