မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ၀ိန်းရွန်နီသည် ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးသည့် DC ယူနိုက်တက်အသင်း၏ နည်းပြဖြစ်လာရန် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။
ရွန်နီသည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်ကိစ္စအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အမေရိကန်သတင်းများ၏ အဆိုအရ DC ယူနိုက်တက်အသင်း၏ ယာယီနည်းပြဖြစ်သူ ချက်ဒ်အက်ရှ်တန်သည် လာမည့်ရာသီတွင် ရွန်နီ၏ လက်ထောက်နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကာ ရွန်နီက အမြဲတမ်းနည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိ အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲတွင် အင်္ဂလိပ်လူမျိုးနည်းပြ(၄)ဦးအထိရှိနေပြီး ဖီးလ်နဗီးလ်၊ အက်ဒရီယန်ဟိသ်၊ ဂယ်ရီစမစ်နှင့် နစ်ခ်ကူရှင်းတို့ဖြစ်ကာ ရွန်နီသည် မေဂျာလိဂ်တွင် နည်းပြသည့် (၅)ဦးမြောက် အင်္ဂလိပ်နည်းပြဖြစ်လာမည်ဖြစ်သည်။