အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂီလ်ဘာတို ဆေးလ်ဗားက သူ့ရဲ့ အသင်းဟောင်းဟာ အမှတ်ပေး ဇယား ထိပ်သီး လေးသင်း စာရင်းထဲကို ဝင်ရောက် နိုင်စွမ်း ရှိကြောင်း ၊ ဒီည ပွဲစဉ်မှာ ယူနိုက်တက်တို့ သတိထားကြ ရမယ့် ကစားသမား လေးဦး အကြောင်း ပြောခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီည မှာတော့ အမ်းမရိတ် ကွင်းထဲ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက ရှက်ဖီး ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ် မှာ ရင်ဆိုင် ခဲ့ပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။
အဲ့ဒီ မတိုင်ခင် တုန်းက ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 13 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားပြ ထားနိုင် ခဲ့ပါ သေးတယ် ။ အခြာ တစ်ဖက် မှာတော့ အာဆင်နယ်ဟာ နောက်ဆုံး ကစား ခဲ့တဲ့ အမှတ်ပေး ဖလား ပြိုင်ပွဲ 6 ပွဲမှာ ရှုံးပွဲ မရှိအောင် ကစား နိုင်ခဲ့ ပါတယ် ။
ဒါ့ကြောင့် အခု ပွဲစဉ်က ပုံစံကောင်း ပိုင်ဆိုင် နေတဲ့ အသင်း နှစ်သင်း အနိုင် သုံးမှတ် ရယူနိုင်ဖို့ ကြိုးစားရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ် ။ ဒါက အမှတ်ပေး ဖလားကို စိန်ခေါ်ဖို့ ဆန္ဒ ရှိနေတဲ့ ယူနိုက်တက် အတွက် ဒါဟာ အရေးကြီး ပွဲစဉ် တစ်ပွဲ ဖြစ်နေသလို ထိပ်သီး လေးသင်း စာရင်း ဝင်ဖို့ အားထုတ် နေတဲ့ အာဆင်နယ် အတွက်လည်း အရေးကြီး ပွဲစဉ်ပဲ ဖြစ်ပါတယ် ။
အခုတော့ အာဆင်နယ် အသင်းမှ အာဆင်ဝင်းဂါး ထွက်ခွာခဲ့တဲ့နောက် ရောက်လာတဲ့ နည်းပြတိုင်း အတွက် အသင်းကို ပုံစံကောင်း ပိုင်ဆိုင် စေနိုင်ဖို့ လုပ်ဆောင်ရေး က အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ ရကြောင်း ထုတ်ဖော် ပြောကြားရင်း ညပွဲ အတွက် ယူနိုက်တက်ကို သတိပေး ခဲ့လိုက် ပါတယ် ။
” အာဆင်ဝင်ဂါး နောက်ပိုင်း အာဆင်နယ် အသင်းဆီ ရောက်လာခဲ့တဲ့ နည်းပြတိုင်း အတွက် ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ ဒါဟာ အူနိုင်း အမ်မရီ အတွက် ခက်ခဲခဲ့ပါတယ် ။ အဲ့ဒီနောက် မီခေးလ် အာတီတာ ရောက်လာ ခဲ့ပြီး ပထမဆုံး 6 လတာ အချိန်က အရမ်း ကောင်းခဲ့ပြီး အလားအလာ ကောင်းမယ့် ပုံစံ မြင်ခဲ့ရ ပါတယ် ”
” ဒါပေမယ့် ဒီနှစ် ရာသီ အစပိုင်းမှာတော့ အာဆင်နယ်မှာ အခက်အခဲ အများကြီး ရှိခဲ့ရ ပါတယ် ။ ဒါပေမယ့် အခုတော့ အသင်းဟာ ပုံစံကောင်း ပြန်လည် ပိုင်ဆိုင်ခဲ့ ပါပြီ ။ သူတို့ဟာ အရမ်း အရေးကြီးတဲ့ ပွဲစဉ်တွေကို အနိုင်ကစားခဲ့ပြီး လက်ရှိ ပုံစံတွေကို ထိန်းသိမ်းရင်း ဟန်ချက်ညီတဲ့ အသင်း ၊ တည်ငြိမ်မှု ရတဲ့ အသင်း ဖြစ်အောင် လုပ်ဆောင်ရပါ့မယ် ”
” ပရီးမီးယားလိဂ်က လူတိုင်းအတွက် ခက်ခဲတဲ့ လိဂ် တစ်ခုပါ ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ပုံစံကောင်းတွေကို ထိန်းသိမ်း နိုင်မယ် ၊ အသင်းကြီး တွေကို ဆက်လက် အနိုင် ကစား နိုင်မယ် ဆိုရင် ထိပ်သီး လေးသင်း စာရင်းဝင် အဖြစ် ရာသီ ပိတ်သိမ်းဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ”
” ဒီရာသီက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ မကြာခင် တုန်းက လူတွေဟာ ပက် ဂွာဒီယိုလာကို ဝေဖန် ထိုးနှက်ခဲ့ ပါတယ် ။ ဒါပေမယ့် အခုတော့ စီးတီးက အဆင့် တစ် နေရာမှာ ရပ်တည် နေပါပြီ ။ သူတို့ တွေဟာ အမှတ်ပေး ဖလားကို ဆွတ်ခူး ၊ လုပြေးမယ့် အသင်းမျိုး ဖြစ်နေပြီလို့ ခံစား နေခဲ့ရ ပါပြီ ”
” လီဗာပူး အသင်းရဲ့ ရာသီသစ် စတင်ပုံ ကောင်းလွန်းခဲ့ ပါတယ် ။ ဒီနှစ်လည်း သူတို့ပဲ အမှတ်ပေး ဖလားကို ကာကွယ် နိုင်လိမ့်မယ်လို့ လူတွေ ထင်ကြေး ပေးသွားခဲ့ကြ ပါတယ် ။ ဒါပေမယ့် အရာရာ တိုင်းက ပြောင်းလဲ သွားခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ဆိုတာက ဒီလို ပြိုင်ပွဲ ပါပဲ ”
” လက်ကျန် ရာသီဝက်က နောက်ဆုံး အချိန် အထိ ရင်ခုန် ၊ စိတ်လှုပ်ရှား ရပါ ဦးမယ် ။ အာဆင်နယ် အသင်းကလည်း ရလဒ် တွေကို ပြောင်းပြန် လှန်နိုင်ခဲ့ ပါတယ် ။ အခု အတိုင်းသူ သူတို့ ရှေ့ဆက်မယ် ၊ တည်ငြိမ်မှု တစ်ခုကို ပြသ ကြမယ့် ဆိုရင် ဒီရာသီမှာ ဘယ်လောက် အထိ တက်လာ နိုင်မလဲ ဆိုတာ ဘယ်သူ ပြောနိုင်မလဲဗျာ ”
” အာဆင်နယ်တို့ စနေနေ့မှာ နိုင်ဖို့ ကျွန်တော် မျှော်လင့် နေပါတယ် ။ ဒါပေမယ့် အဲ့တာက ခက်ခဲ နေပါ လိမ့်မယ် ။ ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ရှုံးနိမ့်ခဲ့ ပေမယ့် သူတို့ နဲ့ ကစားရတာ ဘယ်တုန်း ကမှ မလွယ်ကူခဲ့ ပါဘူး ။ ဒီလို ဘောလုံး ရာသီ တစ်ခုမှာ ဘာမဆို ဖြစ်သွား နိုင်တယ်လေ ”
” အာဆင်နယ် ကလည်း ပုံစံကောင်း ပိုင်ဆိုင်နေပါတယ် ။ သူတို့က စိတ်ဓါတ် တက်ကြွ နေကြ ပါတယ် ။ အူဘာမီယန်း ဂိုးသွင်းယူ နေတာ ၊ ပျော်နေတာကို မြင်ရတာ ကောင်းလှ ပါတယ် ။ ပြီးတော့ လာကာဇက်တီ ကလည်း ဂိုးတွေ သွင်းယူ နေခဲ့သလို ဆာကာ ကလည်း ခမ်းနားတဲ့ အလုပ် တွေကို လုပ်ပြ ထားနိုင်ခဲ့ ပါတယ် ”
” တီယာနေး ကလည်း အသင်း အတွက် အရမ်းကို ကောင်းနေခဲ့ ပါတယ် ။ တစ်ဆင့်ပြီး တစ်ဆင့် ကစားသမားတွေ အားလုံးလည်း ပွဲစဉ်အတွင်းမှာ ယုံကြည်မှု တွေကို ပြန်လည် ပိုင်ဆိုင် နေခဲ့ကြ ပါပြီ ။ ပရိသတ်တွေ မြင်တွေ့ချင်တာ အဲ့တာ ပါပဲ ။ အာဆင်နယ် အတွက် ဒီလို အချိန်မှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတာ ကောင်းလှ ပါတယ် ”
” ဒါက သူတို့ အတွက်တော့ ပုံစံကောင်း တွေကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခု ပါပဲ ။ သူတို့ တွေဟာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ကနေ တကယ်ပဲ လွတ်မြောက် လာခဲ့ပြီ ဆိုတာကို သက်သေ ပြသ ကြရပါ လိမ့်မယ် ” လို့ ဂီလ်ဘာတို ဆေးလ်ဗား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။