မန်ချက်စတာမြို့ခံအသင်းများ ဖြစ်သည့် မန်ယူနှင့် မန်စီးတီးအသင်းတို့သည် အသင်းနှင့်အတူ ဆုဖလားများ ရယူလိုသည်ဟု ပြောကြားခဲ့သည့် စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းလာဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဟာရီကိန်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ၂၀၂၁ လန်ဒန်ဘောလုံးဆုပေးပွဲတွင် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့သည်။
အဆိုပါဆုကို လက်ခံပြီးနောက် Evening Standard သတင်းစာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဟာရီကိန်းက မိမိအနေဖြင့် တစ်ဦးချင်းဆုတံဆိပ်ထက် အသင်းနှင့်ဆုဖလားများ ပိုမိုရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်း၏ ယခုပြောစကားမှာ လာမည့်နွေတွင် စပါးအသင်းမှ ထွက်ခွာမည်ဟု အရိပ်အမြွက်ပြောဆိုခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူနှင့် မန်စီးတီးအသင်းတို့သည် ဟာရီကိန်းအား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားနေခဲ့ပြီး မန်စီးတီးက အဂွဲရိုးနေရာတွင် အစားထိုးရန်အလိုရှိနေကာ မန်ယူအသင်းက တိုက်စစ်အားဖြည့်ရန် ၎င်းကို ခေါ်ယူလိုနေခြင်းဖြစ်သည်။