ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက မာယော့ကာအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ စပိန် လာလီဂါ အဖွင့်ပွဲစဉ်မှာ သူ့အသင်းက ဟန်ချက်ညီအောင် ကစားနိုင်ခဲ့ခြင်း မရှိဘူးလို့ ညည်းတွား ပြောဆိုလိုက်ပါတယ်။
ကစားသမားသစ် ကီလီယန် အမ်ဘာပေ ၊ ဗင်နီစီယပ်စ် ၊ ရိုဒရီဂို ၊ ဘယ်လင်ဟမ်တို့လို တကယ့် ထိပ်တန်း ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့တဲ့ ရီးယဲလ်အသင်းဟာ ရိုဒရီဂိုရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မာယော့ကာက ကိုဆိုဗို တိုက်စစ်မှူး မူရီဟီရဲ့ ခေါင်းတိုက် ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရင်း တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။
မာယော့ကာကွင်းမှာ ကစားရတဲ့ အခါတိုင်း ခက်ခက်ခဲခဲ ကစားရတက်ပြီး ပွဲချိန်အစောပိုင်းမှာပဲ ဦးဆောင်ဂိုး ရခဲ့တာက ရီးယဲလ်အတွက် ကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ရီးယဲလ်ကစားသမားတွေရဲ့ အားထုတ်မှုတွေ မေးခွန်းထုတ်စရာကောင်းလောက်အောင် ကျဆင်းသွားခဲ့ရပါတယ်။
ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး ရီးယဲလ်နည်းပြကြီး အန်ဆယ်လော့တီက “ဒီပွဲက ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲ မဖြစ်ခဲ့ဘူး။ ကျွန်တော်တို့က ကွင်းထဲမှာ ဟန်ချက်ညီအောင် ကစားဖို့ လိုနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သရေပွဲတချို့နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ခဲ့ရပေမယ့် ဒီနေ့တော့ ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။”
“ကျွန်တော်တို့ ဒီပွဲက ပိုကောင်းအောင် ကစားနိုင်ခဲ့ရမှာပါ။ ဆင်ခြင်ပေးတာတွေလည်း မလိုချင်ပါဘူး။ စိတ်အခြေအနေကောင်းတွေကိုပဲ လိုအပ်ပါတယ်။ ဒီပွဲမှာ ရှုံးနိမ့်သွားနိုင်မယ့် အခြေအနေတွေကိုတောင် အများကြီး မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီပွဲကနေ ကျွန်တော်တို့အတွက် သင်ယူစရာတွေလည်း အများကြီး ရသွားခဲ့တယ်။ ကျွန်တော်တို့ ပြသာနာ ရှိနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
နည်းပြကြီး အန်ဆယ်လော့တီအနေနဲ့ အခုလို ပြောဆိုသွားခဲ့ပေမယ့်လည်း ပွဲအလှည့်အပြောင်းလုပ်ဖို့ လိုအပ်နေတဲ့အချိန်မှာ လူစားလဲမှုကို မလုပ်ဆောင်ခဲ့ပဲ ပွဲပြီးခါနီးမှပဲ လူစားထလဲခဲ့တာက အသင်းအတွက် အကျိုးသက်ရောက်မှု နည်းပါးခဲ့ရပါတယ်။