စပိန်အသင်းတိုက်စစ်မှူး မိုရာတာက မိမိနှင့် မိမိ၏မိသားစုမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
စပိန်အသင်းသည် အုပ်စု(E) အဖွင့်ပွဲ (၂)ပွဲတွင် ဆွီဒင်နှင့် ပိုလန်အသင်းတို့ကို သရေကျခဲ့ပြီး ဆလိုဗက်ကီးယားအား (၅-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စပိန်တိုက်စစ်မှူး မိုရာတာမှာ ပယ်နယ်တီ လွဲချော်ခဲ့သည်။
ထို့ကြောင့် မိုရာတာသည် ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး စပိန်ပရိသတ်များသည် ၎င်းနှင့် ၎င်း၏မိသားစုကို အသက်အန္တရာယ်ခြိမ်းခြောက်သည့်စာများ ပေးပို့ခဲ့ကြကြောင်း မိုရာတာက ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုရာတာက “ကျွန်တော့်အနေနဲ့ ကျွန်တော် လုပ်ရမယ့်အလုပ်ကို မလုပ်နိုင်သေးပါဘူး။ ဂိုးမသွင်းနိုင်သေးတဲ့အတွက် ကျွန်တော့်အပေါ် ဝေဖန်တာတွေကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေက ဆိုးရွားပါတယ်။ တကယ်လို့ ကျွန်တော့်နေရာမှာ သူတို့ဆိုရင် ဘယ်လိုနေမလဲ စဉ်းစားစေချင်ပါတယ်။ သူတို့က ကျွန်တော့်ကလေးတွေကို သေသင့်တယ်ဆိုပြီး ပြောဆိုနေကြတယ်။ ကျွန်တော့်ကို ဝေဖန်တာက ကိစ္စမရှိပေမဲ့ ကျွန်တော့်အမျိုးသမီးနဲ့ ကလေးတွေကို ဝေဖန်နေတာတွေကိုတော့ ကျွန်တော် စိတ်ပျက်မိပါတယ်”ဟု ပြောကြားခဲ့သည်။
မိုရာတာသည် စပိန်အသင်းတွင် ခြေစွမ်းပြနိုင်သေးခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး အသင်းပရိသတ်များသည် ၎င်းကို ကွင်းအတွင်း အော်ဟစ်လှောင်ပြောင်မှုများလည်း ရှိနေကြောင်း သိရှိရသည်။
စပိန်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ ရှုံးထွက် (၁၆)သင်းအဆင့်တွင် ခရိုအေးရှားအသင်းနှင့်တွေ့ဆုံပြီး ဇွန်လ (၂၈)ရက်တွင် ကစားရမည်ဖြစ်သည်။