ပရီးမီးယားလိဂ်အဝေးကွင်း (၁၂)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၉)ပွဲဆက်အနိုင်ရခဲ့တဲ့ မန်ယူအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က မဖြစ်မနေအသိအမှတ်ပြုရပါမယ်။
မန်ယူအသင်းအနေနဲ့ အဝေးကွင်း (၉)ပွဲဆက်အနိုင်ရလဒ်မှာ တစ်ပွဲကိုအနည်းဆုံး (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကလည်း နည်းပြဆိုးလ်ရှားအတွက်ကျေနပ်စရာပါပဲ။
ကြားရက်ချန်ပီယံလိဂ်ပွဲမှာ PSG အသင်းကိုရှုံးခဲ့လို့ ဖိအားဝင်နေတဲ့ မန်ယူအသင်းနဲ့ နည်းပြဆိုးလ်ရှားအတွက် ဝက်စ်ဟမ်းအသင်းနဲ့အဝေးကွင်းပွဲစဉ်ဟာ အရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အနိုင်ရလဒ်ကြောင့်လည်း လာမယ့်ချန်ပီယံလိဂ်အုပ်စုအဆုံးအဖြတ်ပွဲမှာ စိတ်ပိုင်းဆိုင်ရာအရ အပြုသဘောဆောင်မှာသေချာပါတယ်။
ဆိုးလ်ရှားအတွက်စိတ်ပူစရာက ဘရူနိုဖာနန်ဒက်ဇ်မပါဝင်နိုင်တဲ့ ပထမပိုင်းပွဲချိန်မှာ မန်ယူအသင်းရဲ့ခါးပြတ်နေတဲ့ကွင်းလယ်ကစားကွက်ဖြစ်ပြီး၊ တိုက်စစ်ပိုင်းမှာ မာစီယဲလ်ရဲ့ယုံကြည်မှုပျောက်နေတဲ့ပုံစံကလည်း စိတ်ပျက်စရာပါ။
ဆိုးလ်ရှားအနေနဲ့ ဘရူနိုဖာနန်ဒက်ဇ်မပါဝင်နိုင်တဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပြီလို့ဆိုရမှာဖြစ်သလို၊ ပြီးခဲ့တဲ့ဆောက်သမ်တန်နဲ့ပွဲလိုပဲ ဒီနေ့ပွဲမှာလည်း အရှုံးကနေ အနိုင်ရလဒ်ကိုစွမ်းဆောင်နိုင်ခဲ့တာကတော့ ချီးကျူးရမှာပါ။
ဒီနေ့ပွဲမှာတော့ ပွဲချိန် (၂)ပိုင်းမှာ ပုံစံ (၂)မျိုးခွဲမြင်ခဲ့ရပြီး ပထမပိုင်းမှာ ဝက်စ်ဟမ်းအသင်းဟာ မန်ယူအသင်းကို တရစပ်ဖိအားပေးကာ အခွင့်အရေးတွေလည်းအများကြီးရအောင်ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် (၃၈)မိနစ်မှာ ရှူချက်ခ်သွင်းယူတဲ့ဂိုးတစ်ဂိုးနဲ့သာ ဝက်စ်ဟမ်းတို့ကျေနပ်ခဲ့ရပြီး နောက်ထပ်ရရှိတဲ့အခွင့်အရေးကောင်းတွေကို ဖော်နယ်လ်၊ ဘိုဝမ်နဲ့ ဟယ်လာတို့ဖြုန်းတီးခဲ့လို့ မန်ယူအသင်းသက်သာရာရခဲ့တာပါ။
ဒုတိယပိုင်းကတော့ မန်ယူအသင်းရဲ့ပွဲချိန်ဖြစ်ခဲ့ပြီး ပထမပိုင်းမှာအလုပ်မဖြစ်ခဲ့တဲ့ ကာဗာနီ၊ ဗန်ဒယ်ဘိခ်နဲ့ မာစီယဲလ်တို့ကိုထုတ်ကာ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်ဇ်နဲ့ မာတာတို့ကို ထည့်သွင်းပြီးအပြောင်းအလဲလုပ်ခဲ့တာက ဆိုးလ်ရှားရဲ့မှန်ကန်မှုပါပဲ။
အထူးသဖြင့် ဘရူနိုဖာနန်ဒက်ဇ်ဝင်လာပြီးချိန်မှာ မန်ယူကွင်းလယ်ဟာ ပြိုင်ဘက်ကိုပြန်လည်အသာစီးယူနိုင်ခဲ့သလို တိုက်စစ်နဲ့ချိတ်ဆက်မှုမှာလည်း ပိုပြီးမြိုင်ဆိုင်လာခဲ့ပါတယ်။
မန်ယူအသင်းအတွက်ချေပဂိုးကို ပွဲချိန် (၆၅)မိနစ်မှာ ဘရူနိုဖာနန်ဒက်ဇ်ရဲ့ပေးပို့မှုကနေ ပေါ့ဘာကသွင်းယူပေးခဲ့ပြီး (၁-၁)ဂိုးဖြစ်သွားပြီးချိန်မှာတော့ မန်ယူအသင်းကပဲ တောက်လျှောက်ဖိအားပေးခဲ့တာပါ။
မန်ယူအသင်းအတွက်အနိုင်ဂိုးတွေကို ပွဲချိန် (၆၈)မိနစ်မှာ ဂရင်းဝုဒ်နဲ့ ပွဲချိန် (၇၈)မိနစ်မှာ ရပ်ရှ်ဖို့ဒ်တို့ကသွင်းယူပေးခဲ့ပြီး ပြတ်သားတဲ့အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ထပ်မံဖန်တီးနိုင်ခဲ့ပါတယ်။
လက်ကျန်မိနစ်မှာတော့ မန်ယူအသင်းကပဲ ပွဲကိုစိတ်ကြိုက်ထိန်းကစားသွားခဲ့ပြီး ပရီးမီးယားလိဂ်အဝေးကွင်း (၉)ပွဲဆက်အနိုင်ရလဒ်နှင့်အတူ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) စနေညအပြီးမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာကို ယာယီတက်လှမ်းလာနိုင်ခဲ့ပါတယ်။