မိုဟာမက်ဆာလားက သူဟာ လီဗာပူးရဲ့ ပွဲစဉ်တွေ အတွင်း နောက်ခံလူ အလက်ဇန်းဒါးအာနိုးကို ဘာကြောင့် ကြောက်ရသလဲ ဆိုတာကို ဟာသနှောကာ ရှင်းပြ သွားခဲ့ပါတယ်။ အီဂျစ် လက်ရွေးစင်ဟာ ဒီရာသီ မှာလည်း လီဗာပူးရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်နေပြန်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးထိ သွင်းယူကာ ဂိုးသွင်းဇယားကို ဦးဆောင်လျက် ရှိနေပါတယ်။
လီဗာပူးမှာ ဆာလား အောင်မြင်မှုတွေ ရရှိနေရာမှာ ၎င်းကို ဝန်းရံ ကစားပေးတဲ့ ကစားသမားတွေရဲ့ ဖန်တီးမှုတွေ ကလည်း အထူး အရေးပါတဲ့ ကဏ္ဍ ကနေ ပါဝင် နေပါတယ်။ ဆာလားဟာ လီဗာပူးကို ရိုးမား ကနေ ပြောင်းရွေ့ လာခဲ့ပြီးနောက် ရော်ဘတ်တိုဖာမီနို ၊ ဆာဒီယို မာနေး တို့နဲ့ အတူ ကမ္ဘာ့အကောင်းဆုံး ၃ ဦးတွဲ တိုက်စစ်တွေ ထဲက တစ်ခု အဖြစ် တည်ဆောက် ထားနိုင် ခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဗာပူးရဲ့ ဖန်တီးမှု အားအကောင်းဆုံး ကစားသမားတွေ ကတော့ နောက်တန်း အစွန်လူတွေ ဖြစ်ကြတဲ့ ရောဘတ်ဆန် နဲ့ အလက်ဇန်းဒါးအာနိုး တို့ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ရောဘတ်ဆန် နဲ့ အလက်ဇန်းဒါးအာနိုး တို့က သူတို့ဟာ တစ်ရာသီ အတွင်း ဘယ်သူက ဂိုးဖန်တီးမှု ပိုများအောင် လုပ်နိုင်မလဲ ဆိုတဲ့ ပြိုင်ဆိုင်မှု အမြဲတမ်း ရှိတယ်လို့ ဝန်ခံ ထားခဲ့ ပါတယ်။
အလက်ဇန်းဒါးအာနိုးဟာ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူး အတွက် ဂိုးဖန်တီးမှု ၂၅ ကြိမ်ထိ ပြုလုပ် နိုင်ခဲ့ပေမယ့်လည်း ဒီရာသီ မှာတော့ ဂိုးဖန်တီးမှု ၂ ကြိမ်ပဲ လုပ်ထား နိုင်ပါသေးတယ်။ အံ့အားသင့်စရာ ကတော့ ပြီးခဲ့တဲ့ ၂ နှစ်ခွဲ အတွင်း ၎င်းရဲ့ စုစုပေါင်း ဂိုးဖန်တီးမှု တွေထဲက ၃ ကြိမ် ကသာ ဆာလား အတွက် ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ဆာလားက အလက်ဇန်းဒါးအာနိုး ဖြတ်တင်ဘော ပြုလုပ်တော့မယ် အချိန်တိုင်း သူ့အနေနဲ့ အနည်းငယ် ကြောက်ရတယ်လို့ ဆိုခဲ့တာ ဖြစ်နိုင် ပါတယ်။ အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့မှာ ဘယ်သူက ဖြတ်တင်ဘော လုပ်ရာမှာ ပိုကောင်းသလဲ ဆိုတဲ့ မေးခွန်းကို ဆာလားက သဲသဲကွဲကွဲ ဖြေကြား ခဲ့ခြင်း မရှိ ခဲ့ပေမယ့်လည်း အင်္ဂလန် လက်ရွေးစင်ရဲ့ ဖြတ်တင်ဘော တွေကိုတော့ သူ ကြောက်ရတယ်လို့ ဝန်ခံ သွားပါတယ်။
ဆာလားက “ဒါဟာ ဖြေကြားရ ခက်ခဲတဲ့ မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ထရန့်ရဲ့ ဖြတ်တင်ဘော တွေကို ထိန်းဖို့ အတွက် ကျွန်တော် ကြောက်မိ ပါတယ်။ ဘာလို့လဲ ဆိုတော့ မသိရင် သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ ကိုယ့်ကို တည်ပြီး ကန်သလို ပါပဲ။ ရော်ဘို ကတော့ ပိုပြီး တည်ငြိမ်မှု ရှိပါတယ်။ သူဟာ ကစားသမား အရင် ရှာဖွေ ပြီးမှ ဘောလုံးကို ၎င်းရဲ့ ရှေ့ကို ချပေး ပါတယ်။
ဒီကစားသမား ၂ ဦးထဲက ဘယ်သူက ဖြတ်တင်ဘော ပိုကောင်းသလဲ ဆိုတာ ကျွန်တော် မရွေးချယ် နိုင်ပါဘူး။ သူတို့မှာ မတူညီတဲ့ နည်းစနစ်တွေ ခြားနားတဲ့ စတိုင်တွေ ရှိကြ ပါတယ်။ ကျွန်တော် တစ်ဦးဦးကို မရွေးချယ် နိုင်ပါဘူး။ ကျွန်တော့်ကို ပြသနာ မရှာပါနဲ့ဗျာ။” လို့ ဆိုလိုက် ပါတယ်။
ဆာလားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်နေ ပေမယ့်လည်း လီဗာပူး ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရုန်းကန် နေရပြီး ဝက်ဘရွမ်း ၊ နယူးကာဆယ် တို့လို အသင်းတွေနဲ့ သရေကျကာ ဆောက်သမ်တန်ကို ရှုံးနိမ့် ခဲ့ပြီး ဒီပွဲစဉ် ၃ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင် ခဲ့ပါတယ်။ စိန့်မေရီမှာ ရှုံးနိမ့် ခဲ့တာကြောင့် လီဗာပူးဟာ မန်ယူနိုက်တက်ရဲ့ ကျော်တက်ခြင်းကို ခံလိုက် ရပါတယ်။
လီဗာပူးဟာ ယနေ့ည အန်ဖီးမှာ မန်ယူနိုက်တက်ကို အနိုင် ရခဲ့မယ် ဆိုရင်တော့ ထိပ်ဆုံး နေရာကို ပြန်လည် တက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်နဲ့ ပက်သက်ပြီး ဆာလားက “ဒီပွဲဟာ လက်ရှိမှာ အရမ်းကို အရေးပါလွန်းတဲ့ ပွဲစဉ် ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ထိပ်ဆုံး မှာ ရှိနေပြီး ၊ ကျွန်တော်တို့ ဒုတိယ နေရာမှာ ရပ်တည်နေတာ မဟုတ်လား။ ဒီရာသီမှာ သူတို့ ပြသထားတဲ့ စွမ်းဆောင်ရည် တွေကလည်း ကောင်းပါတယ်။ ဒါ့ကြောင့် ဒီပွဲဟာ စိတ်ဝင်စားဖို့ ကောင်းမှာပါ။ နောက်ဆုံးမှာတော့ နိုင်ပွဲ ရအောင် ယူပြနိုင်ဖို့က ကျွန်တော်တို့ အတွက် အဓိက မဟုတ်လား ၊ ဒါဟာ လီဗာပူး အတွက် အရေးကြီးဆုံး ပါပဲ။
အရင်ကတော့ သူတို့ အသင်းနဲ့ တွေ့ဆုံတဲ့ ပွဲမျိုး ဆိုရင် 38 ပွဲ ထဲက 1 ပွဲ ပဲ ဖြစ်တယ်လို့ အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ နည်းနည်းလေး ထူးခြားနေပါပြီ။ တကယ်လို့ သူတို့သာ အနိုင်ရသွားမယ် ဆိုရင် ကျွန်တော်တို့ကို 6 မှတ် အထိ အသာစီးရရှိသွားမှာ ဖြစ်သလို ၊ ကျွန်တော်တို့က အနိုင်ရခဲ့ရင်လည်း အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံးမှာ ပြန်လည် ရပ်တည်ခွင့် ရမှာပါ။ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ် တွေ့ဆုံမှု ကို သာမာန် ပွဲလေး တစ်ပွဲလို့ ခေါင်းစဉ် တပ်လို့ မရတော့ပါဘူး” လို့ ဆိုလိုက်ပါတယ်။