ဝက်စ်ဘရွန်း ၁-၂ လီဗာပူးလ်
အယ်လစ်ဆန်ရဲ့ မှော်ဝင်ခေါင်းတိုက်ဂိုးက ၂၀၂၀-၂၁ ရာသီမှာ အရာရာဆိုးရွားနေတဲ့ လီဗာပူးလ်ကို ကယ်တင်ခဲ့တယ်လို့ပဲ ပြောရမယ်။ ဒီနိုင်ပွဲက လီဗာပူးလ်ကို အဆင့် (၄)နေရာက ချယ်လ်ဆီးနဲ့ တစ်မှတ်ကွာ၊ အဆင့် (၃)နေရာက လက်စတာနဲ့ (၃)မှတ်ကွာအနေအထားအထိ ရောက်လာစေခဲ့ပြီး၊ လာမယ့်ပွဲစဉ်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့မှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသွားစေခဲ့တယ်။
ဒီနေ့ပွဲမှာသွင်းယူခဲ့တဲ့ ဂိုး (၃)ဂိုးစလုံးက လှပတဲ့အဆုံးသတ်ချက်တွေဖြစ်ခဲ့ပြီး အယ်လစ်ဆန်ရဲ့သွင်းဂိုးကတော့ အရေးအပါဆုံး၊ အကောင်းဆုံးဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့တယ်။
ဝက်စ်ဘရွန်းကစားသမားတွေက တစ်ပွဲလုံးကြံ့ကြံ့ခံကစားခဲ့ပေမဲ့ နောက်ဆုံးမိနစ်ထောင့်ကန်ဘောမှာတော့ ရှေ့တက်ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ အယ်လစ်ဆန်ကို အာရုံစိုက်ဖို့ ပျက် ကွက်ခဲ့တယ်။ ထောင့်ကန်ဘောက အယ်လစ်ဆန်ရဲ့ခေါင်းပေါ်ကို တိုက်ရိုက်ကျလာခဲ့ပြီး အဝေးတိုင်ထောင့်ကို သွင်းယူခဲ့တယ်။
တစ်ခါတစ်ရံမှာ သွင်းဂိုးတစ်ဂိုးက ငွေကြေးအားဖြင့် သန်းရာချီတန်ကြေးရှိပြီး၊ လီဗာပူးလ်သာ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရင် ဒီဂိုးက အမှတ်တရအဖြစ်ဆုံး ဂိုးတစ်ဂိုးဖြစ်လာမှာလည်း သေချာတယ်။ ဝက်စ်ဘရွန်းက ဂိုးရဖို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပြီး လီဗာပူးလ်ခံစစ်အားနည်းမှုနဲ့ ကွင်းလယ်ရဲ့ ပျော့ညံ့မှုက အတိုင်းသားပေါ်လွင်နေခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်က ပိုကောင်းတဲ့အခွင့်အရေးတွေနဲ့ တဒိုင်းဒိုင်းကန်သွင်းခဲ့ပြီး သရေပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် တော်တော်လေး နှမြောစရာဖြစ်ခဲ့လိမ့်မယ်။
အဖွင့်ဂိုးကို ဝက်စ်ဘရွန်းက ရခဲ့ပြီး ပွဲချိန် (၁၅) မိနစ်မှာ သွင်းယူခဲ့တဲ့ ရော့ဘ်ဆင်ကနူးရဲ့ ဘယ်ခြေနဲ့ အဆုံးသတ်ကန်ချက်က သပ်ရပ်ပါတယ်။ ဒီဂိုးကို (၃၃) မိနစ်မှာ ဆာလာက ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ လှလှပပကန်သွင်းပြီး ပြန်လည်ချေပခဲ့တယ်။ လီဗာပူးလ်အတွက် အနိုင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ အယ်လစ်ဆန်က သွင်းယူခဲ့တာဖြစ်ပါတယ်။