မန်ယူအသင်းဂိုးသမား အိုနာနာအနေဖြင့် အမှားအကြိမ်ကြိမ်ကျူးလွန်သဖြင့် ဖိအားများရင်ဆိုင်နေရသော်လည်း အချက်အလက်များအရ ပရီးမီးယားလိဂ်တွင် ဒုတိယအကောင်းဆုံးဂိုးသမားဖြစ်ကြောင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက် ကာကွယ်ပြောကြားသည်။
ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာသည် ဂါလာတာစာရေးအသင်းနှင့် သရေကျသည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၎င်း၏အမှားနှစ်ကြိမ်ကြောင့် ချေပဂိုးနှစ်ဂိုးပေးခဲ့ရသဖြင့် ဝေဖန်မှုများ ပြင်းထန်စွာခံနေရသည်။
ထို့ပြင် နယူးကာဆယ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲ၌ ၎င်းအား ပွဲထွက်စာရင်းမှ ချန်လှပ်သင့်ကြောင်း တိုက်တွန်းမှုများရှိနေသော်လည်း ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အဲရစ်တန်ဟက်က ယခုလို ပြောကြားခြင်းဖြစ်သည်။
“သေချာလေ့လာသုံးသပ်မယ်ဆိုရင် အချက်အလက်တွေအရ သူက ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးဂိုးသမားဆိုတာ တွေ့ရမှာပါ။ သူ့အနေနဲ့ ကောင်းကောင်းလုပ်နေပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ အမှားတချို့လုပ်ခဲ့တယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ ပထမငါးလအတွင်း ခြုံပြီးပြောရရင် သူလုပ်ထားတာတွေက ကောင်းပါတယ်။ မြူးနစ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပေမဲ့ ဘန်လေနဲ့ပွဲမှာ သူဘယ်လောက်ကောင်းကောင်း တုံ့ပြန်ခဲ့လဲဆိုတာ တွေ့မှာပါ။ သူက သန်မာတဲ့ သူဖြစ်ပြီး အရည်အသွေးလည်းရှိပါတယ်။ ဒါကို သူဖြေရှင်းနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
အဲရစ်တန်ဟက်အနေဖြင့် Opta Analyst က ထုတ်ပြန်သည့် အချက်အလက်များအရ အိုနာနာအပေါ် ကာကွယ်မှုပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ Opta ၏ အချက်အလက်များအရ အိုနာနာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၃ ပွဲကစား၊ ၁၅ ဂိုး (OG တစ်ဂိုးမပါ) ခွင့်ပြုထားရပြီး ဂိုးကာကွယ်မှု ၃ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လူတန်အသင်း ဂိုးသမား ကာမင်စကီး (၆ ဒသမ ၃ ရာခိုင်နှုန်း) ၏နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ထို့ပြင် ၎င်းသည် ဂိုးပေါက်တည့်သည့် အခြေအနေများတွင် ဂိုးပေးရမှု (xGOT) ၁၈ ဒသမ ၆၇ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ အိုနာနာအနေဖြင့် ပရီးမီးယားလိဂ်တွင် တစ်ပွဲ ပျမ်းမျှဘောလုံးထိချက် ၄၃ ဒသမ ၇ ကြိမ်နှင့် အောင်မြင်သည့်ပေးပို့မှု ၂၅ ဒသမ ၆ ကြိမ်ရှိပြီး မန်ယူအသင်းသမိုင်းတစ်လျှောက် ကစားကွက်တွင် ပါဝင်မှုအများဆုံး ဂိုးသမားအဖြစ် ရပ်တည်လျက်ရှိကြောင်း Opta ၏ အချက်အလက်များအရ သိရသည်။
မန်ယူအသင်း၏ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာမူ ဆိုးရွားနေပြီး နယူးကာဆယ်နှင့်ပွဲမတိုင်မီ ပြိုင်ပွဲစုံ ပွဲ ၂၀ ကစား၊ ၃၃ ဂိုးခွင့်ပြုထားရကာ ၁၉၆၂-၁၉၆၃ ရာသီတွင် ပွဲ ၂၀ ကစား၊ ၄၃ ဂိုးခွင့်ပြုခဲ့ရပြီးနောက်ပိုင်း ၆၁ နှစ်အတွင်း အဆိုးဆုံးဖြစ်သည်။