ရီးယဲလ်မက်ဒရစ် ၂-၂ ဆီဗီလာ
အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ပြီး အမှတ်ခွဲယူခဲ့ရချိန်မှာ ဒီပွဲကို အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွှဲပြောင်းရယူနိုင်မှာဖြစ်ပေမဲ့ ရီးယဲလ်အသင်း အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။ ဆီဗီလာအသင်းကို လာလီဂါမှာ အိမ်ကွင်းနောက်ဆုံး(၁၁)ပွဲဆက် အနိုင်ရထားတဲ့အပြင် တစ်ပွဲပျမ်းမျှ(၃.၄)ဂိုးနှုန်းလောက် သွင်းထားနိုင်ခဲ့ပေမဲ့ ဒီပွဲမှာတော့ တစ်မှတ်ရဖို့ကိုပဲ နောက်က လိုက်ကစားခဲ့ရပါတယ်။ ဆုဖလားမျှော်လင့်ချက်ဆိုလို့ လာလီဂါတစ်ခုသာ ရှိတော့တဲ့အခြေအနေ ကြောင့် ရီးယဲလ်အသင်း အတောင့်တင်းဆုံးလူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။ ကစားကွက်ရော တိုက်စစ်အခွင့်အရေးမှာပါ အသာစီးရအောင်လည်း ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တာကလွဲရင် နိုင်ပွဲဆက်ပြီး ပုံစံကောင်းပြနေခဲ့တဲ့ ဆီဗီလာအသင်းက ဟာကွက်နည်းအောင် ကစားသွားနိုင်ခဲ့ပါတယ်။

ဂိုးသမား ဘိုနိုကလည်း လက်စွမ်းပြခဲ့ပါတယ်။ ဆီဗီလာအသင်းကလည်း ဒီပွဲကိုသာ အနိုင်ရခဲ့ရင် ချန်ပီယံဆုအတွက် မျှော်လင့်ချက်အားကောင်းလာမှာဖြစ်တာကြောင့် စိတ်ဓာတ်အပြည့်နဲ့ ကစားသွားခဲ့တာ တွေ့ရပါတယ်။ ပွဲအစ (၁၀)မိနစ်လောက်အထိ ဆီ ဗီလာအသင်းက ရီးယဲလ်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ (၁၂)မိနစ်မှာ ဘန်ဇီမာက ဦးဆောင်ဂိုး သွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။ အော်ဒရီယိုဇိုလာ လူကျွံနေတာကြောင့် ဆီဗီလာအသင်း ကံကောင်းသွားခဲ့တာပါ။ (၂၂)မိနစ်မှာတော့ ဆီဗီလာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ရာကီတစ်ရဲ့ပေးပို့မှုကနေ ကွင်းလယ်ကစားသမား ဖာနန်ဒိုက သွင်းယူခဲ့ပါတယ်။ ရီးယဲလ်အသင်း ချေပဂိုးပြန်ရဖို့ အားထည့်ကစားလာခဲ့ပေမဲ့ အသင်းရဲ့ကစားပုံက လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ မာဆယ်လိုနဲ့ မိုဒရစ်တို့ အပျက်များနေတာကြောင့်လည်း ပြိုင်ဘက်ကို သိပ်ဖိအားမပေးနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် (၆၆)မိနစ်မှာ ဇီဒန်းက ဒီကစားသမားနှစ်ဦးစလုံးကို အနားပေးလိုက်ပြီး လူစားဝင်လာတဲ့ အဆန်စီယိုက တစ်မိနစ်အကြာမှာပဲ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘန်ဇီမာ အစပြုခဲ့တဲ့ တိုက်စစ်ကနေ တိုနီကရို့စ် ဖန်တီးပေးတာကို အဆန်စီယိုက ထောင့်ကျဉ်းထဲ လှလှပပကန်သွင်းယူခဲ့တာပါ။ ဒါပေမဲ့ ကံကြမ္မာက ဆီဗီလာအသင်းဘက်မှာ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပြီး (၇၈)မိနစ်မှာ ဆီဗီလာအသင်း ဒုတိယအကြိမ် ဦးဆောင်ခွင့်ပြန်ရခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ဘန်ဇီမာရဲ့ထိုးဖောက်မှုကို ဆီဗီလာဂိုးသမား ဘိုနို ဟန့်တားခဲ့ရာမှာ ရီးယဲလ်အသင်း ပယ်နယ်တီရရှိမယ့်အနေအထားဖြစ်ခဲ့ပေမဲ့ ဆီဗီလာအသင်းရဲ့တိုက်စစ်ကို တားဆီးခဲ့ချိန်မှာ မီလီတို လက်ထိဘောဖြစ်ခဲ့တာကြောင့် ရီးယဲလ်အသင်း ပယ်နယ်တီပေးခဲ့ရတာပါ။ ဒီပယ်နယ်တီကို ရာကီတစ်က ကန်သွင်းယူခဲ့ပြီး နောက်ပိုင်းပွဲချိန်တွေမှာတော့ ရီးယဲလ်အသင်း တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ချေပဂိုးကတော့ နာကျင်အချိန်ပိုမှာ တိုနီကရို့စ်ရဲ့ကန်ချက် ဟာဇက်နဲ့ထိပြီး ရရှိခဲ့တာပါ။