နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွက် ကစားသမားသစ်ခေါ်ယူမှု မပြီးဆုံးသေးဘဲ ခံစစ်ပိုင်းအတွက် အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်သွားဦးမည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီ အပြောင်းအရွှေ့ကာလအတွင်း ပါဘလိုတော်ရေး၊ ကက်ဆီး၊ ခရစ္စတန်ဆင်၊ ရာဖင်ညာ၊ လီဝန်ဒေါစကီးစသည့် ကစားသမားသစ် ငါးဦး ခေါ်ယူပြီးသော်လည်း နောက်တန်းအတွက် ထပ်မံအားဖြည့်ရန် ပြင်ဆင်နေခြင်းဖြစ် သည်။
“အခုကတော့ ကျွန်တော်တို့ရဲ့ခံစစ်ကို အင်အားတောင့်အောင် လုပ်ရမယ့်အချိန်ပါပဲ။ နာမည်တွေတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ဇာဗီ(နည်းပြ)က ကစားသမား ခြောက်ဦးစာရင်း ပေးထားတယ်။ ဘာစီလိုနာကစားသမားတွေ ပျော်ရွှင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု လာပေါ်တာက အသင်းကစားသမားဟောင်း စတွိုက်ကော့ဗ်နှင့်အတူ Marca နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
လီဝန်ဒေါစကီးနှင့်ပတ်သက်ပြီး လာပေါ်တာက “ပြောင်းရွှေ့ကြေးက ယူရို ၄၅ သန်း+၅ သန်းပါ။ သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ PSG ၊ ချယ်လ်ဆီးတို့ စိတ်ဝင်စားနေချိန်မှာ ဘိုင်ယန်အသင်းကို ဘာစီလိုနာအသင်းထံပြောင်းဖို့ သူ ဖိအားပေးခဲ့လို့ပါပဲ။ ပြီးတော့ သူဟာ အသင်းမှာ PSG ၊ ချယ်လ်ဆီးတို့ ကမ်းလှမ်းတာထက် နည်းတဲ့ပမာဏပဲ ရရှိမှာပါ။ လီဝန်ဒေါစကီးကို လက်မှတ်ထိုးနိုင်လို့ ဘာစီလိုနာကစားသမားတွေ အရမ်းပျော်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်”ဟု ဖွင့်ဟခဲ့သည်။