အခုပွဲစဉ်တလျှောက်လုံး လီဗာပူးအသင်းက ဦးဆောင်ဂိုးခွင့်ပြုပေးရခြင်းမှလွဲ၍ လက်စတာကို အဖက်ဖက်မှအသာစီးရယူကစားခဲ့ပြီး ထိုက်တန်တဲ့ရလဒ်တစ်ခု ဖန်တီးသွားနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အစောပိုင်းမိနစ်မှာပဲ အယူးက လက်စတာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ လီဗာပူးအတွက် အထူးခြေစွမ်းပြသခဲ့တဲ့ဂတ်ပိုက အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကာတစ်ဂျုံးစ်၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ လီဗာပူးအသင်း နိုင်ပွဲရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်းစလော့ရဲ့အသင်းက အစောပိုင်းမှာ ဖူလ်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ အနီးဆုံးပြိုင်ဘက်ချဲလ်ဆီးကို ခုနစ်မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်သွားခဲ့ပါတယ်။