ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်တွေ ကစားခဲ့ရာမှာ နာမည်ကြီးအသင်းတွေပဲ ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ လိဂ်တူးကလပ် ဘာရိုးနဲ့ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အရန်ကစားသမားတွေကိုသာ ပွဲထုတ်လာပေမယ့် နှစ်သင်းကြား ကစားသမားအင်အား ကွာခြားလွန်းတာကြောင့် ငါးဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ပွဲချိန် ၈မိနစ်မှာတင် ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဂျာအိုဖီးလစ်ရဲ့ပေးပို့မှုကနေ အန်ကွန်ကူက မြေမကျကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၇မိနစ်အကြာမှာ ချဲလ်ဆီးအသင်း ဒုတိယဂိုးရခဲ့ပြီး ဂတ်စ်တိုရဲ့ဖြတ်တင်ဘောကနေ အန်ကွန်ကူကပဲ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
နာရီဝက်မပြည့်ခင်မှာပဲ ချဲလ်ဆီးတို့ တတိယဂိုးရခဲ့ပြီး ဖီးလစ်ရဲ့ဖရီးကစ်ကန်ချက်က တိုင်ထိပြီး ဘာရိုးဂိုးသမားနဲ့ထပ်ထိကာ ဂိုးဝင်သွားခဲ့တာပါ။ ဒုတိယပိုင်းအစမှာလည်း ချဲလ်ဆီးတို့ စတုတ္ထဂိုးရသွားခဲ့ကာ မာဒရစ်ခ်ရဲ့တကိုယ်ကောင်းမဆန်ဘဲ ပေးပို့မှုကနေ နက်တိုက အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
၇၅မိနစ်မှာတော့ ချဲလ်ဆီးအတွက် ပွဲသိမ်းဂိုးအဖြစ် အန်ကွန်ကူက ဘာရိုးဂိုးသမား ဖားမန်းထံကနေ ဘောလုံးလုကာ ဟက်ထရစ်ဂိုး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေညက အာဆင်နယ်နဲ့သရေကျခဲ့တဲ့ မန်စီးတီးကလည်း အရန်ကစားသမားအများစုနဲ့ ပွဲထွက်ကာ ဝက်ဖို့ဒ်ကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။