အင်္ဂလန်အသင်း၏ ကွင်းလယ်ကစားသမား ဖိုဒန်က ယူရို-၂၀၂၀ ပြိုင်ပွဲတွင် မိမိတို့အသင်း ဗိုလ်စွဲခဲ့ပါက အသင်းဖော်အားလုံး မိမိဆံပင်ပုံစံ ညှပ်ရန် သဘောတူညီထားသည်ဟု ပြောကြားခဲ့သည်။
ဖိုဒန်က ”ကျွန်တော်တို့ ဗိုလ်စွဲခဲ့ရင် ကျွန်တော့် ဆံပင်ပုံစံ လိုက်ညှပ်ကြဖို့ ပြောခဲ့ပါတယ်။ အားလုံးက သဘောတူခဲ့ပါတယ်။ ကျွန်တော်တို့အသင်း ဗိုလ်စွဲပြီး ကစားသမားအားလုံး ဆံပင်ပုံစံတစ်မျိုးတည်းနဲ့ မြင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလိုမျိုး ရိုမေးနီးယားအသင်းလည်း လုပ်ခဲ့ဖူးတယ်လို့ ထင်ပါတယ်။ ဒါ ပျော်စရာကောင်းမှာပါ”ဟု ပြောကြားခဲ့သည်။
ရိုမေးနီးယားအသင်းသည် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ဆံပင်ပုံစံတူထားရန် ကတိပြုခဲ့ကြပြီး ယင်းအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။